ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ညမထွက်ရအမိန့်နဲ့ မူးယစ်ရမ်းကားမှုတွေကြောင့် ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က တပ်သားသစ်အဖြစ်စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။

မူးယစ်ရမ်းကားနဲ့ ညမထွက်ရအချိန်ကျော်လွန်သူတွေ ဖမ်းမိတဲ့ အရေအတွက်ကို ရဲတိုင်းရုံးကနေ တဆင့် တခြားသတင်းတွေနဲ့အတူ စစ်ကောင်စီ တပ်ကို ပေးပို့နေရတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

” အရင်ကတော့ ဖမ်းမိရင် တရားရုံးတင်ပြီး ငွေဒဏ် ဆောင်နိုင်ရင် ငွေဒဏ် ဒါမှမဟုတ်ရင် ထောင်ဒဏ်ချမှတ်တာ။ ခုက စစ်တပ်က အဲ့လိုမျိုးလူတွေကို လာပြီး တပ်ထဲဝင်မလား ထောင်မကျအောင်လုပ်ပေးမယ်ဆိုပြီး စုနေတာ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ညမထွက်အမိန့်နဲ့ မူးယစ်ရမ်းကားမှုကြောင့် ဖမ်းဆီးခံရသူတွေဟာ ပုသိမ်မြို့မရဲစခန်းနဲ့ နယ်မြေရဲစခန်း ၂ ခုပေါင်းရင်း တစ်လကို ၃၀ ဦးလောက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့အထဲက ငွေကြေးမတက်နိုင်တဲ့သူတွေကို ပုသိမ်မြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်သားသစ်စုဆောင်းရေး တပ်နဲ့ စစ်ကောင်စီတပ်အရာရှိတွေက လာရောက်ခေါ်ယူလေ့ရှိတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်သားသစ်အဖြစ်စုဆောင်းခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့သူတွေနဲ့ မိဘဆွေမျိုးမရှိတဲ့သူတွေ အများဆုံးစုဆောင်းခံရလေ့ရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

#ပုသိမ်မြို့ #စစ်ကောင်စီတပ် #တပ်သားသစ်စု #Ayeyarwaddy_Times