ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၁၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်(၂) ၊ ကျေးရွာတစ်ရွာအနီးသို့ ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ၏ လေယာဥ် နှစ် စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-မင်းတပ်ထံက သိရသည်။

မင်းတပ်မြို့နယ်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထား၍ ဒေသခံ စစ်ဘေးရှောင် အရေအတွက်ကို ခန့်မှန်းရခက်နေပြီး အဆိုပါအကြောင်းအရာများကို ပြောပြရန်အတွက် ကြီးမားသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“ကျေးရွာတစ်ရွာနားမှာ ဗုံးကျရောက်ပေါက်ကွဲခဲ့တာပါ။ ထိခိုက်သေဆုံးမှု မသိရသေးဘူး။ မြေပြင်မှာ အထိနာနေလို့ ပြည်သူတွေကို လေကြောင်းကနေ ပစ်မှတ်ထားပြီး သဲကြီးမဲကြီး တိုက်ခိုက်နေတာ။ ဆက်ပြီးတော့လည်း ယုတ်မာ မယ့်အနေအထားရှိတယ်။ လေကြောင်းအန္တရာယ်က အထူးသတိရှိကြဖို့ ပြောကြားလိုတယ်” ဟု ချင်းကာကွယ်ရေး တပ်-မင်းတပ်၊ သတင်းပြန်ကြားရေးဌာနနှင့် မှတ်တမ်းဌာနမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့မှ စတင်၍ မင်းတပ်မြို့နယ်၊ အမှတ် (၁) ဘက်သို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းကြောင့် ဒေသခံပြည် သူများမှာ ယနေ့အထိ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူညီလိုအပ်လျှက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့၊ မွန်းလွဲ ၃ နာရီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မင်းတပ်မြို့နယ်၊ တိုက်နယ် (၁) ပန်းပါးကျေးရွာသို့ လေကြောင်းဖြင့် ခြောက်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် နှစ် ဦးအပါအဝင် ဒေသခံပြည်သူ သုံး ဦးသေဆုံးခဲ့သည်။
ဓာတ်ပုံ -CDF-မင်းတပ်
ပုံစာ- ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြို့နယ် ပန်းပါးကျေးရွာသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမြင်ကွင်း
#မင်းတပ်မြို့နယ် #စစ်ကောင်စီတပ် #လေကြောင်းတိုက်ခိုက် #အကူညီလိုအပ် #စစ်ဘေးရှောင်ပြည်သူများ #Ayeyarwaddy_Times