ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်က ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်စဥ် ယာဥ်တိုက်မှုများကြောင့် ခရီးသွား ၃ ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့များထံမှ သိရပါတယ်။

ကမ်းခြေခရီးသွားတွေဟာ သင်္ကြန်အကြိုနေ့ကတည်း လာရောက်ကြတာဖြစ်ပြီး ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်ကားလမ်းတွေမှာ ယာဥ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဥ်တိုက်မှု အချို့ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချောင်းသာမှာတော့သင်္ကြန်အတွင်းမှာ သာပေါင်းကလာလည်တဲ့လူငယ်တွေ ခြောက်ထပ်ကွေ့ ချောက်ထဲ ကျသွာလို့
တစ်ယောက်သေတယ်။ နောက်ပြီး Sea &Lakeအဝိုင်းမှာ ဆိုင်ကယ်မှောက်ပြီးတစ်ယောက်သေတယ်။ သေဆုံးသူ ၂ ဦးတော့ရှိခဲ့ပါတယ်။ ကျန်တာက တော့ ကားလမ်းမှာ ကားခြင်းချိတ်တာတွေတော့အများကြီးပဲ”လို့ ဒေသခံ ပရဟိတသမားတစ်ဦးက ဧရာဝတီတိုင်းမ်ပြောပါတယ်။

ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေများသို့ သင်္ကြန်ကာလအတွင်း လာရောက်အပန်း​ဖြေသူ ၄ သောင်းခန့်ရှိခဲ့တယ်လို့ ပုသိမ်မြို့နယ်၊ ကမ်းခြေဒေသတွင်း ဟိုတယ်ခရီးလုပ်ငန်းရှင်အချို့က ဆိုပါတယ်။

“ဒီနှစ် လည်သူများပေမယ့် စစ်အာဏာမသိမ်းခင်နဲ့ ကိုဗစ်မဖြစ်ခင်ကိုတော့မမှိီသေးပါဘူး။ အရင်ကဆို၂၀၁၉ လောက်ကဆို ချောင်းသာကမ်းခြေကိုလာတာတင် ၄ သောင်းကျော်တယ်။ ခုက ဧရာ၀တီကမဟုတ်ပဲ လာပြီးတည်းသူများပါတယ်။ တချို့ကလည်းနေ့ခြင်းပြန်လာကြတာတွေရှိတယ်။ လာလည်တာအများဆုံကတော့ချောင်းသာပါ”လို့ ချောင်းသာကမ်းခြေမှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

သင်္ကြန်ကာလအတွင်းမှာ ချောင်းသာနဲ့ ငွေဆောင်ကမ်းတွေက ဟိုတယ်နဲ့ တည်းခိုခန်း တွေကို မတ်လဒုတိယပတ်လောက်ကစတင်ကာ လာရောက်တည်းခိုဖို့အတွက် ကြိုတင်ငှားရမ်းထားတဲ့အပြင် ကျေးရွာတွေထဲက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေပါ ငှားရမ်းခဲ့ရတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကျင်းပတဲ့သင်္ကြန်ပွဲတော်ကို မဆင်နွှဲဖို့ တောင်းဆိုမှုတွေရှိနေပေမဲ့ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေမှာတော့ သင်္ကြန်ပွဲတော်ပိတ်ရက်အတွင်းကိုယ်ပိုင်မော်တော်ယာဉ်များနဲ့ ကမ်းခြေကို လာရောက်လည်ပတ်သူများပြားခဲ့တာဖြစ်ပါတယ်။

#ချောင်းသာ #ကမ်းခြေ #ယာဥ်တိုက်မှု #ခရီးသွား #သေဆုံး
#Ayeyarwaddy_Times