ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်
ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်အား စစ်ကောင်စီက ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချလိုက်ပါတယ်။
မြစ်ကြီးနားအကျဉ်းထောင်တွင်း တရားရုံးက ဧပြီလ ၇ ရက်မှာ ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်း ဖက်မှု၊ တရားမဝင် အသင်းအဖွဲ့နဲ့ပတ်သက်မှု၊ စစ်ကောင်စီကို ဆန့်ကျင်မှုစွဲချက်တွေနဲ့ ထောင်ဒဏ်ချခဲ့တာဖြစ်ပါ တယ်။
စွပ်စွဲချက်တွေက အဓိပ္ပာယ်မရှိဘဲ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ချက်ချင်း လွှတ်ပေးဖို့ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုအတွင်း တောင်းဆိုလိုက်ပါတယ်။
ဘာသာရေးလွတ်လပ်ခွင့် အပါအဝင် သတ္တိရှိသောလုပ်ရပ်များကြောင့် ထင်ရှားသော အများလေးစားရ သော ကချင် ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အာဏာသိမ်းစစ်ကောင်စီက ပစ်မှတ်ထားခဲ့ တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံရှိ ခရစ်ယာန်တွေအတွက် တရားမျှတမှုနဲ့ တန်းတူအခွင့်အရေးရရှိရေးအပြင် စစ်ဘေးရှောင် ၁၀၀၀၀၀ ကျော် ကချင်ပြည်နယ်ရှိ နေအိမ်များသို့ပြန်ရေး လုပ်ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ၂၀၁၇ ခုနှစ်က အိမ်ဖြူတော်သို့သွားရောက်ကာ ရိုဟင်ဂျာတွေအပေါ် အ ကြမ်းဖက်နှိမ်နင်းမှုမှာ ပါဝင်ခဲ့တဲ့ အကြီးတန်းစစ်ခေါင်းဆောင်တွေအား ခရီးသွားလာခွင့်ပိတ်ပင်မှုအတွက် သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ဖူးပါတယ်။
အကြမ်းဖက်မှု၊ အရပ်ဘက်နဲ့ ဘာသာရေး တက်ကြွလှုပ်ရှားသူတွေအပေါ် နှိပ်ကွက်တာတွေ စစ်ကောင်စီ က ရပ်တန့်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကရဲ့ ထုတ်ပြန်ချက်က တောင်းဆိုထားပါတယ်။
“ဘာသာရေး တက်ကြွလှုပ်ရှားသူတွေ၊ အသိုင်းအဝိုင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေအပေါ် ဖိနှိပ် တာ ရပ်တန့်ဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်နိုင်ငံက စစ်ကောင်စီကို တိုက်တွန်းပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကိုးကား – RFA
Ref; US calls on Myanmar to free religious leader