နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ)/ဧပြီလ၁၉ရက်

ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီအာရှလမ်းမကြီးတလျှောက်ရှိ မဲကနယ်ကျေးရွာနှင့် သင်္ဃန်းညီနောင်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ BGFပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ ထံကသိရသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ ည ၁၂ နာရီခန့်မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ခန့်အထိ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

“မနေ့ ညကတည်းက တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီပူးပေါင်းအဖွဲ့က ဒီမနက် အထိ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်” ဟု မြေပြင်တွင် တိုက်ပွဲ ဝင်နေသည့် တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတိုက်ပွဲ ဖြစ်ပွားနေရာတွင် တော်လှန်ရေးအင်အားစုများဖြစ်ကြသည့် KNU ၊ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ အနေဖြင့် ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီတပ်နှင့် BGFပူးပေါင်းအဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်လျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့သည် ဧပြီလ ပထမပတ်မှ စတင်၍ ကရင် ပြည်နယ်အတွင်း ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်မှုများရှိကြောင်း စစ်မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
#မြ၀တီအာရှလမ်းမကြီး #မဲကနယ်ကျေးရွာ #သင်္ဃန်းညီနောင် #တိုက်ပွဲ #စစ်ကောင်စီတပ်နှင့်BGF #တော်လှန်ရေးတပ်ဖွဲဝင်များ #Ayeyarwaddy_Times