နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်တွင် မီးလောင်ဖုများ ထွက်လာသဖြင့် အသေးစား ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် အနားယူနေကြောင်း နေပြည်တော်စစ်ဌာနချုပ်ရှိ တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီး ဥယျာဉ်နှင့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS) သို့ စစ်ခေါင်းဆောင် သွားရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

“မှန်တယ်။ ခွဲတယ်‌ပဲပေါ့ ဖောက်ထုတ်တာ။ အသေးစားပေါ့။ လက်မှာ မီးလောင် ဖုတွေလိုမျိုး ထွက်လာတာ။ ရောဂါရယ်လည်း မဟုတ်ဘူးပေါ့။ အဲဒါကြောင့် ဟိုသွားဒီသွား သိပ်မရှိတာ။ ပြီးတော့ တပ်တွင်းသတင်း အလှုပ်အခတ်ကိုလည်း ထိန်းတဲ့သဘောမျိုးပါ” ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့သို့ သွားရောက်ပြီးနောက် လူစည်ကားစေရန် အတင်းအကျပ် စီစဉ်ပြုလုပ်ခဲ့သော သင်္ကြန်ပွဲတော်အပါအဝင် အခမ်းအနားပွဲများကို တက်ရောက်ခဲ့ခြင်း မရှိတော့ဘဲ လက်ခွဲစိတ်မှု ပြုလုပ်ပြီးမှသာ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။

“အရင်ကဆို သင်္ကြန်တွင်း သွားလာတာတွေရှိတယ်။ ပွဲတက်ရောက်တာတွေရှိတယ်။ ခုက လမ်းကြောင်းကိုလည်း သိပ်အသိမပေးဘူး။ သွားခါနီးမှ လမ်းကြောင်းချ လုံခြုံရေးချပြီး သွားတာ” ဟု ၎င်းက ဆိုသည်။

ယခုနှစ် စစ်ကောင်စီ ကျင်းပသည့် သင်္ကြန်ပွဲတော်တွင် စစ်ခေါင်းဆောင်၏ဇနီး ဒေါ် ကြူကြူလှနှင့် ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူကြီး စိုးဝင်းတို့သာ ဖွင့်ပွဲအခမ်းအနားဖြင့် ရှေ့ထွက်လာခဲ့သည်။

တပ်တွင်းပြိုကွဲမှု၊ အမိန့်မနာခံမှု၊ စစ်ရေးအရ အရေးနိမ့်မှုများကြောင့် တပ်အင်အား လျော့ကျလာနေသော စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ နိုင်ငံတဝန်း စစ်ရှိန်တိုးမြှင့်နေပြီး ၎င်းတို့နှစ်ဦးသည်လည်း နယ်တကာလှည့်၍ တပ်တွင်း စည်းရုံးရေးများ ပိုမိုလုပ်ဆောင်လာသည်။

#စစ်ခေါင်းဆောင် #မီးလောင်ဖု #အသေးစားခွဲစိတ် #Ayeyarwaddy_Times