နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မကွေး)/ဧပြီလ၁၈ရက်

မကွေးတိုင်း ၊ မြိုင်မြို့နယ်ရှိ မကျည်းကန် ဆေးရုံကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက ဆေးရုံရှိ လူနာစောင့်များကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁နာရီ ကျော်ခန့်တွင် စစ်ကောင်စီ၏ အနောက် မြောက်တိုင်း စစ်ဌာနချုပ်ထဲမှနေ၍ လေယာဥ်နှစ်စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

“ဇီးဖြူကုန်းနဲ့ အင်မထီးကျေးရွာတွေက စစ်သားတွေကို သံဖိုကြီးလမ်းဘက်မှာ ရဟတ်ယာဥ်တွေနဲ့ချပေးတယ်။ ပြီးတော့ အဲ့ဒီရဟတ်ယာဥ်တွေနဲ့ပဲ မကျည်းကန် ဆေးရုံကိုပစ်တယ်။ အင်တာနက်လိုင်းတွေကိုလည်း ဖျက်တောက်ထားလို့ တချို့နေရာတွေကို အဆက်သွယ်လုပ်လို့မရဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံသည့် လူဦးရေ အတိအကျကို သိရှိရခြင်းမရှိသေးဘဲ စစ်ကောင်စီတပ်သားများက ဆေးရုံကို မီးရှို့ခဲ့ပြီး ရမ်းသန်း ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း အတွင်းရှိ ကျေးရွာများအား နေ့စဥ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျှက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီနင်းနေ၍ ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး နေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#မြိုင်မြို့နယ် #မကျည်းကန်ဆေးရုံ #ရဟတ်ယာဥ်ဖြင့်ပစ်ခတ် #မီးရှို့ #ဖမ်းဆီး #စစ်ကောင်စီတပ် #Ayeyarwaddy_Times