ဧရာ၀တီတိုင်းမ်
ဧပြီလ ၁၈ ရက်

ရုန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်တွင် ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး လေတပ်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူအပါအ၀င် သုံးဦးသေဆုံးခဲ့သည်။

ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ထန်းပင်ကုန်းရပ်ကွက်ရှိ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ ဒုတိယဗိုလ်မှူးကြီး အောင်ညီ​ထွန်း၏ နေအိမ်တွင် ၎င်းအပါအ၀င် အမျိုးသား နှစ်ဦးနှင့်အတူ ထိုင်နေစဉ် ၀င်ရောက်ပစ်ခတ် ခံရခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ထဲကို၀င်ပစ်သွားတာ။ သုံး ယောက်လုံးသေတယ်။ လေတပ်ကပါ။ ကျန်တဲ့ နှစ်ယောက်ကလည်း စစ်တပ်ထဲကပဲ။ ရပ်ကွက်ကိုရော သန်လျင်မြို့ထဲရော အကုန် စစ်တာ။ အခုချိန်ထိလည်းစစ်နေတုန်းပဲ။ တံတားကိုပါ အ၀င်အထွက်မလုပ်ခိုင်းပဲ ပိတ်ချ ထားတာ”ဟု ထန်းပင်ကုန်းရပ်ကွက်နေ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

ပစ်သတ်ခံရသည့် ဒုတိယဗိုလ်မှူးကြီး အောင်ညီထွန်းသည် မင်္ဂလာဒုံလေတပ် စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ)တပ်မှူး၊ ဌာနခွဲမှူးဖြစ်ပြီး ဆေးခွင့်ဖြင့် နေအိမ်သို့ ရောက်ရှိနေစဉ် ယခုလိုပစ်ခတ်ခံရခြင်းဖြစ်ကာ ကျန်နှစ်ဦးမှာလည်း လေတပ်မှ ရဲဘော်များဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“အရက်ကို အလွန်အကျွံသောက်လို့ ဆေးခွင့်ပေးပြီး နားခိုင်းထားတာ။ ခုသေတာက သူရယ်၊ သူ့‌လက်ထောက်ပြောရရင် ဘော်ဒီဂတ်ပေါ့။ ဆေးရုံပို့တာ မမီတော့ဘူး”ဟု လေတပ်စခန်းမှ သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို အတည်ပြုပြောကြား သည်။

သေဆုံးသူများမှာ စစ်ကောင်စီလေတပ်မှ ဒုတိယဗိုလ်မှူးကြီး ဦးအောင်ညီထွန်း၊ ဦးအောင်မျိုးဆွေ နှင့် ဦးခင်မောင်သိန်းတို့ဖြစ်ပြီး ပစ္စတိုဖြင့် ၀င်ရောက်ပစ်ခတ် ခံရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထန်းပင်ကုန်းရပ်ကွက်ကို ပိတ်ထားပြီး သန်လျင်မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးကာ လူတစ်ဦးချင်းစီ အိတ်များဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

#သန်လျင် #လေတပ် #ဒုတိယဗိုလ်မှူးကြီး #ပစ်ခတ်ခံရ #ပိတ်ဆို့စစ်ဆေး #Ayeyarwaddy_Times