နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အောင်ဇေယျရပ်ကွက်သစ် (ခ) အကျိုးကန်းကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကန့်ဘလူ၊ ပဇီကြီး သွေးကြွေးအဖြစ် PDF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၃ နာရီခန့်က တာဝေးပစ် လက်လုပ်စိန်ပြောင်း ၆၀-မမ၊ ၈၀-မမနှင့် ၁၂၀-မမ တို့ဖြင့် တစ်နာရီခန့်ကြာအောင် PDF ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Salingyi Border Task Force-SBTF ထံက သိရသည်။

“ကျွန်တော်တို့ တည်ရှိရာဘက်ကို စကစက လက်နက်ငယ်တွေ၊ စက်ကလေးတွေနဲ့ တရပ်စပ် ပြန်ပစ်တယ်ဗျ။ ကျွန်တော်တို့လည်း ကျန်တဲ့အဖူးတွေနဲ့ ထပ်ပြန်ပစ်တော့ ရှေ့ကိုတက်လာတဲ့ စကစတပ်သားတွေက တရပ်စပ် ထပ်ပစ်တယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေမှာ သေနတ်အစစ်က နှစ် လက်ပဲပါတယ်။ ကျန်တာက လက်လုပ်တွေ။ လူအင်အား လက်နက်အင်အား မမျှတာကြောင့် နောက်ဆုတ်ခဲ့ရတယ်” ဟု SBTF တာဝန်ခံ ရဲဘော်တံခွန်က ဧရာဝတီတိုင်းမ်ကို ပြော သည်။

ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း PDF ရဲဘော်တစ်ဦး လက်လုပ် ၈၀-မမ ချို့ယွင်းမှုကြောင့် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း Salingyi Border Task Force-SBTF ထံက သိရသည်။

“စိုးရိမ်စရာအခြေနေတော့ မဟုတ်ပါဘူး။ လက်လုပ်တွေဆိုတော့ အမြဲတမ်းတော့ saft ဖြစ်မနေဘူးဗျ။ တစ်ခါတလေမှာ Error ကြုံရတတ်တယ်။ မြေပြင်နောက်ဆက်တွဲ အခြေနေကတော့ စုံစမ်းဆဲပါဗျ” ဟု ရဲဘော်တံခွန်က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့ဝင်များဖြစ်သော Salingyi Border Task Force-SBTF (ပကဖ)၊ Eagle Defense Force-EDF ၊ ယက္ခညီနောင် /GTF တပ်ခွဲ (၂)၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ Ar La Wa Ka တို့နှင့်အတူ အခြားသောညီနောင် မဟာမိတ်တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #ပဇီကြီး #သွေးကြွေး #Ayeyarwaddy_Times