နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဧပြီလ ၁၈ ရက်
စစ်ကောင်စီသည် ယမန်နေ့ ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်း တစ်ရက်နေ့)က လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွှတ်ပေးသူ ၃,၀၀၀ ကျော်အနက် နိုင်ငံရေးနှင့် အကျဉ်းသား တစ်ဦးသာ ပါဝင်ကြောင်းသိရသည်။
ပြန်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားမှာ NLD အစိုးရ၏ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်နှင့်အတူ ဖမ်းဆီးခံရသည့် စီမံ/ဘဏ္ဏာဝန်ကြီးဟောင်း ဦးကျော်ဝင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ဦးကျော်ဝင်းကို နိုင်ငံတော် လှို့ဝှက်ချက်ဥပဒေ ပုဒ်မ (၃၁/ဂ) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီး နှစ် နှစ်ကျော် သုံး နှစ်နီးပါး ကြာမှ လွတ်ငြိမ်းဖြင့် ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဝင်းနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
စစ်ကောင်စီက လွတ်ငြိမ်းဖြင့် ပြန်လည်လွှတ်ပေးသူအများစုသည် စစ်ပြေး ၊ ရဲပြေး ၊ ခါးပိုက်နှိုက်၊ ခိုးမှုကျူးလွန်းသူများနှင့် ဆေးမှုဖြင့် ထောင်ချခံထားရသူများဖြစ်ပြီး နိုင်ငံတကာမှ နိုင်ငံခြားသား အယောက် ၉၀ ကိုလည်း ပြန်လည် လွှတ်ပေးခဲ့သည်။
“ စစ်ကောင်စီက လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးတယ်ဆိုပေမယ့် နိုင်ငံရေးနဲ့ပတ်သတ်ပြီး မတရားစွပ်စွဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေး တာမျိုးမရှိဘူး။ လွတ်ရက်စေ့ခါနီး နိုင်/ကျဉ်း တစ်ယောက်ကိုပဲ လွှတ်ပေးခဲ့တာ။ ဒါကလည်း နိုင်ငံတကာကို ရုပ်ပြဖို့ သက်သက် လုပ်ပြတာ” ဟု နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့အထိ လူပေါင်း ၃,၂၀၀ ကျော်သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၁,၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းများအရ သိရသည်။