နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မြဝတီ)/ ဧပြီလ ၁၈ ရက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်တောင်ပိုင်းတိုင်းစစ်ဒေသ မဲကနယ်ကျေးရွာအနီးသို့ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ကေအဲန်ယူ ယူနီဖောင်းများဝတ်ဆင်၍ ပုံမှားရိုက်ကာ စစ်ကြောင်းထိုးလှုပ်ရှားလာသည့် စစ်ကောင်စီတပ် နှင့် မဲကနယ်ဒေသရှိ Venom PDF စစ်ကြောင်းတို့ ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီကျော်ခန့်က ဝင်ရောက်လာခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံး၍ လက်နက်အချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

“ဝတ်ထားတာက ကေအဲန်ယူ တပ်ဖွဲ့ယူနီဖောင်းတွေနဲ့ပါ။ ကျွန်တော်တို့တပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့အချိန်ဆိုတော့ သူတို့လှုပ်ရှားမှု့ကို စောင့်ကြည့်ပြီး တိုက်ပွဲ ဖော်ဆောင်ခဲ့တာပါ။ စစ်ကောင်စီဘက်က နှစ်ယောက်သေပြီး ၄၀- မမ တစ်လက်နဲ့ AK- 47 တစ်လက်ရရှိခဲ့တယ်” ဟု Vonom PDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကောင်စီတပ်များသည် ကရင်ပြည်နယ်အတွင်း ပုံစံအမျိုးမျိုးဖြင့် ထိုးစစ် ဆင်နေခြင်းဖြစ်ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် အယောင်ဆောင်ကာ စစ်ကြောင်းထိုး လှုပ်ရှားမှုများလည်း ပြုလုပ်လျှက်ရှိကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

#ကရင်ပြည်နယ် #မြ၀တီတောင်ပိုင်းခရိုင် #ကေအဲန်ယူယူနီဖောင်း #အယောင်ဆောင် #စစ်ကောင်စီတပ် #တိုက်ပွဲဖြစ်ပွား #VonomPDF #Ayeyarwaddy_Times