ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အကျဥ်းထောင်ကနေ ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့လွှတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အနေနဲ့ ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

မနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဥ်းသားများမပါ၀င်ဘူးလို့အကျဥ်းဦးစီဌာနနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

“ပုသိမ်ထောင်မှာရှိတဲ့ လွှတ်ခါနီးနေတဲ့အကျဥ်းသား ၃၃ ဦးကို ဒီမနက်ပိုင်းကပြန်လွှတ်ပေးလိုက်တာပါ၊ နိုင်ငံရေးအကျဥ်းသားတွေတစ်ယောက်မှ လွှတ်မပေးပါဘူး “လို့ ပြောပါတယ်။

ယနေ့ လွှတ်ငြိမ်းချမ်းသာနဲ့လွှတ်ပေးလိုက်သူတွေဟာ ခိုးမှု၊ ရိုက်မှု၊ အရက်ပုန်းရောင်းမှု၊ လောင်းကစားမှုစတဲ့ရာဇ၀တ်အကျဥ်းသားများဖြစ်ပြီး ပြန်လွှတ်ဖို့ လပိုင်းသာကျန်ရှိနေသူတွေလို့ သိရပါတယ်။

လက်ရှိအချိန်ထိ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားအား ပြန်လွှတ်ပေးခြင်းမရှိပေမယ့်ထောင်ရှေ့မှာနိုင်ငံရေးအကျဥ်းသားများရဲ့ မိသားစုဝင်တွေလာရောက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၄၀၀ နီးပါးနှင့် အမျိုးသမီး ၇၀ ဦးခန့် အထိ ရှိနေပြီး ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား၃၀၀ဦးကျော်ရှိပြီဖြစ်ကြောင်းရှေ့နေအသိုင်း အဝိုင်းနှင့်နီးစပ်သူများထံကသိရပါတယ်။
#ပုသိမ်အကျဥ်းထောင် #နှစ်ဆန်းတစ်ရက်နေ့ #အကျဥ်းသားပြန်လွှတ် #Ayeyarwaddy_Times