နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်
အာဏာသိမ်း စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူများထဲ NLD အစိုးရလက်ထက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်း ပါဝင်လာကြောင်း နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP နှင့် နိုင်/ကျဉ်းဟောင်း ဦးထွန်းကြည်တို့က ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောသည်။
ယနေ့ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံရသည့် အကျဉ်းသား ၃၀၁၅ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေ ညာခဲ့ပြီးနောက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသော စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
“မြန်မာနိုင်ငံတဝန်းလုံးက ထောင်အသီးသီးမှာ လွတ်ပေးတဲ့အထဲ လောလောဆယ် နိုင်ကျဉ်းဆိုလို့ ဦးကျော်ဝင်းတစ်ယောက်ပဲ တွေ့သေးတယ်။ နိုင်ငံ ခြားသားတွေတော့ ပါတယ်။ မူးယစ်ဆေးဝါးအမှုတွေလည်း လွတ်တယ် လို့ သိရတယ်။ အခြားနိုင်ကျဉ်းတွေနဲ့ ပတ်သက်ပြီး ဘာမှမကြားသေးဘူး” ဟု နိုင်/ကျဉ်းဟောင်း ဦးထွန်းကြည်တို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းသည် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင်တာနဲလ်နှင့် ပတ်သက်၍ ဖမ်းဆီးခံရကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ အမှုဖွင့် တရားစွဲဆိုခံခဲ့ရသည်။
အလားတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP မှ တာဝန်ရှိသူတစ်ဦးကလည်း စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း လွတ်မြောက်လာသည်ကိုပဲ သိရသေးကြောင်း ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းကို နေပြည်တော်အထူးတရားရုံးက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်၊ စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။
ထို့အပြင် ပြည်တွင်း၌ ပြစ်ဒဏ်ကျခံနေရသည့် သီရိလင်္ကာနိုင်ငံသား ၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသူ/သား ၉၈ ဦးကိုလည်း မင်္ဂလာနှစ်သစ်အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မ ပျက်ဆက်ဆံရေးကို ရှေးရှု့သောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်သည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။
လက်ရှိတွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ ကျော်၊ ဧရာဝတီတိုင်း မအူပင်အကျဉ်းထောင်မှ ၂ ဦး၊ ပုသိမ်အကျဉ်းထောင် အကျဉ်းသား ၃၃ ဦးတို့ကို ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။
#စီမံဘဏ္ဍာဝန်ကြီးဟောင်း #ဦးကျော်ဝင်း #ပြန်လည်လွတ်မြောက် #Ayeyarwaddy_Times