ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီလ ၁၇ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါးကျေးရွာတွင် စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသက်မပြည့်သေးသည့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူစုစုပေါင်း ၃ ဦးသေဆုံးသွားကြောင်းသိရသည်။
မင်းတပ်ပြည်သူများအပေါ် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်၍ ပြည်သူများသေဆုံးမှုအပေါ် ချင်းကာကွယ်ရေးတပ်-မင်းတပ်က လက်တုန့်ပြန်သွားမည့ဟု ပြောသည်။
“ခုလို ပြည်သူတွေကို ရက်ရက်စက်စစ်ကောင်စီက လေယာဥ်ဗုံးတွေနဲ့ တိုက်ခိုက်တာဟာ လူမျိုးတုန်းသတ်ဖြတ်မှုပဲ။ တိုက်ပွဲဖြစ်နေတာလဲမဟုတ်ဘူး။ အပြန်အလှန် စစ်ဖြစ်နေလို့ လေယာဥ်သုံးတယ်ဆိုရင်တောင် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲစရာဘာအကြောင်းမှမရှိဘူး။ သေရဲသလို သတ်ရဲတယ်။ ကျွန်နော်တို့ လုံးဝ လက်တုန့်ပြန်သွားရမယ်။ သွေးကြွေးဆပ်ရမယ်။ အတုန့်အလှည့်ဆိုတာ ရှိလာမှာ အသေအချာပဲ”ဟု ချင်းကာကွယ်ရေးတပ်-မင်းတပ် သတင်းပြန်ကြားရေးနှင့်မှတ်တမ်းဌာနမှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ၆ ကြိမ်ဗုံးကြဲတိုက်ခိုက်၍ ဗုံး ၁၇ လုံးကြဲချခဲ့ပြီး ဆလိုင်းဟာခွီရှိန်း(၄)နှစ်၊ မိုင်ထန်းမြူးမံ(၁၇)နှစ်နှင့် ဒေါ်ဟာရောင် (၇၀)နှစ်တို့ သေဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် လူနေအိမ် ၂ လုံးမီးလောင်၍ လူနေအိမ် ၉ လုံးပျက်စီးသွားပြီး မင်းတပ်မြို့၊ ခလရ – ၂၇၄ တပ်ရင်းမှ ကျေးရွာဘက်သို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းချင်းကာကွယ်ရေးတပ်-မင်းတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – CDF-မင်းတပ်
#ချင်းပြည်နယ် #မင်းတပ်မြို့နယ် #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲတိုက်ခိုက် #ကလေးငယ် #သေဆုံး
#Ayeyarwaddy_Times