ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဧပြီလ ၁၇ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ဆိတ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် နှစ်ဦးကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဧပြီလ ၁၆ ရက်နေ့က ရှင်းလင်းခဲ့ကြောင်းတာဝန်ရှိသူများထံမှ သိရပါတယ်။

ညနေ ၄ နာရီခန့်အချိန်က ပျူစောထီးခေါင်းဆောင်ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်တို့ကိုကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက်ရှင်းလင်းခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

“အဲဒီပျူစောထီးတွေက ရွာမှာအရမ်းဆိုးတဲ့သူတွေပေါ့။ သူတို့ကိုသုတ်သင်ရှင်းလင်းဖို့ အချိန်ယူပြီးစောင့်နေခဲ့တာပါ။အဲဒီအချိန်ကို အခုအကောင်းဆုံး အသုံးချနိုင်ခဲ့ပါပြီ”ဟု ကော့သောင်းမြို့နယ်(ပကဖ) မှတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ယင်း ပစ်ခတ်တိုက်ခိုက်မှုအတွင်း AK-47 နှစ်လက်၊AK ကျည် (၁၁၉)တောင့်၊9mm ပစ္စတို တစ်လက်၊ကျည်ကာ (၄)ထည်၊ယူနီဖေါင်း နှစ်စုံ၊ဆုံလည် ဂစ်(စ်)သေနတ် တစ်လက်၊ကျည်ဘောက် (၅)ခု နှင့် ဓါးများ သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ အထိခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအနေဖြင့် ပြည်သူလူထုနှင့်အတူ အမြန်ဆုံး ပူးပေါင်းကြဖို့နဲ့ မပူးပေါင်းပါက ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
#ကော့သောင်းမြို့ #ပြည်သူ့စစ်နှစ်ဦး #ရှင်းလင်းခံရ #Ayeyarwaddy_Times