ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာအဆင့်မြင့်ဈေးအနီးရှိ ရဲစစ်ဆေးရေးဂိတ် ယမန်နေ့ ညနေပိုင်းက ဗုံးဖြင့်တိုက်ခိုက်ခံရကြောင်း သိရသည်။
ဧပြီ ၁၆ ရက် ညနေ ၅ နာရီ ၅၈ မိနစ်အချိန်ခန့်က ဘဏ်များလမ်း၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်အကျော်ရှိ ရဲစစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့၀င်များ ထိခိုက်သေဆုံးနိုင်သည်ဟု စစ်တောင်းမြို့ပြပြောက် ကျားအဖွဲ့ (နေပြည်တော်)က ထုတ်ပြန်ထားသည်။
“သွေးကြွေးဆပ်တိုက်ခိုက်ခဲ့တာပါ။ ရဲတွေ ၆ ယောက်ထက်မနည်း သေဆုံးနိုင်ပါတယ်။ မတရားကြိုးပေးခံခဲ့ရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အပါအ၀င် ၄ ဦးတို့အတွက်တုံ့ပြန်ခြင်းဖြစ်ပြီး၊ ကန့်ဘလူ ပဇီကြီး ကျေးရွာက အပြစ်မဲ့ပြည်သူ ၁၇၀ ကျော်သတ်ဖြတ်ခံရခြင်းတို့အတွက် တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ”ဟု စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ တာ၀န်ရှိသူမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်များ သေဆုံးမှုနှင့်ပတ်သက်ပြီး ဧရာ၀တီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယင်းတိုက်ခိုက်မှုကို စစ်တောင်းမြို့ပြပြောက်ကျား တပ်ဖွဲ့(နေပြည်တော်)နှင့် ကိုနောင်ဦးဆောင်သည့် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အလားတူ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဓာတ် အားခွဲရုံအမှတ် (၇)ကိုလည်း ပြီးခဲ့သည့် ဧပြီ ၁၄ ရက် နေ့ကလည်း ၎င်းတို့အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#နေပြည်တော်#ဇမ္ဗူသီရိ#ရဲစစ်ဆေးရေးဂိတ် #ဖောက်ခွဲ #PDF #Ayeyarwaddy_Times