ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်က အမှတ်(၅၁)ခြေလျှင်တပ်ရင်းကို ဧပြီလ ၁၇ ရက်နေ့မနက် ၄ နာရီအချိန်က ဧရာလှိုင်းစစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟင်္သာတခရိုင်တပ်ရင်းကဗုံးပစ်လောင်ချာများနဲ့ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ဆင်ရေးဆောင်ရွက်ချက်ကို ပြည်သူကာကွယ်ရေးတပ်မတော်၊ ဟင်္သာတခရိုင်တပ်ရင်း၏ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၃) ရဲဘော်များအား သက်ဆိုင်ရာတပ်မှူးများက အနီးကပ်ကွပ်ကဲမှုယူကာ 79 ဗုံးပစ်လောင်ချာ 40mm ဗုံးသီး (၃)လုံးဖြင့် ရန်သူတပ်ဝန်းထဲ ဧရာလှိုင်းစစ်ဆင်ရေးအဖြစ် အောင်မြင်စွာ ပစ်ခတ်ဆောင်ရွက်ခဲ့ပါတယ်လို့သူတို့ရဲလူမှုကွန်ယက်ကနေသတင်းထုတ်ပြန်ထားပါတယ်။
ရန်သူ့တပ်ဝန်းဖြစ်သည့်အတွက် အတွင်းပိုင်းပျက်စီးမှု အခြေအနေအသေးစိတ်ကို တိကျစွာမသိရသေးဘူးလို့ဆိုထားပြီး တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းကြေငြာချက်မှာပါရှိပါတယ်။
တိုက်ခိုက်ခဲ့မှုနဲ့ ပါတ်သတ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟင်္သာတခရိုင်တာ၀န်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာပထမဆုံးမစ်ရှင်ဖြစ်တာကြောင့် ထုတ်ပြန်ချက်အတိုင်းသာဖြစ်စဥ်ကို ဖြေဆိုပေးနိုင်တာမျိုးမရှိသေးဘူးလို့ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ဧရာဝတီတိုင်း ဟင်္သာတခရိုင်တပ်ရင်းဟာ KIA၊ AA၊ KNU ၊ DKBA စသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များတွင် သွားရောက်စစ်ပညာသင်ယူခဲ့ကြသော တိုင်းတွင်းတော်လှန်ရေး ရဲဘော်အများဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ် ကြောင်းသိရပါတယ်။
#မြန်အောင်မြို့ #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #Ayeyarwaddy_Times