ဧရာဝတီတိုင်းမ်
(သုံးဆယ်)၊ ဧပြီလ ၁၆ ရက်

ပဲခူး‌တိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ We Love Thonze ရေကစားမဏ္ဍပ်အနီးတွင် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်နေ့) ည ၉ နာရီဝန်းကျင်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-ပြည် ကားလမ်းမပေါ်ရှိ ကန်သာယာတွင်ဆောက်လုပ်ထားသည့် စစ်ကောင်စီလက်အောက်ခံမဏ္ဍပ်အနီးတွင် လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းခွဲတိုက်ခိုက်ခဲ့ကာ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

“အဲ့ဒီမဏ္ဍပ်က သာယာဝတီနဲ့ သုံးဆယ်မှာရှိတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေနဲ့ ခရိုတွေ၊ ပိုက်ဆံရှိတဲ့သူတွေဆီကနေ ပိုက်ဆံပေးချင်ချင်၊ မပေးချင်ချင် စစ်ကောင်စီက တစ်ယောက် ၃ သိန်းစီ အတင်းအကြပ်ကောက်ပြီး လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်ပါ။” ဟု သာယာဝတီ(ပကဖ)တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါလုံခြုံရေးတပ်ဖွဲ့ဝင်များမှာ သာယာဝတီမြို့တော်မဏ္ဍပ်မှတစ်ဆင့် We Love Thonzeမဏ္ဍပ်သို့ အကဖျော်ဖြေရန်လာသည့်အဖွဲ့အား ရှေ့ပြေးလုံခြုံရေးယူပေးသည့် ရဲအဖွဲ့ဖြစ်ပြီး အဆိုပါအလုံခြုံရေးတပ်ဖွဲ့အား သာယာဝတီဂဠုန်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သုံးဆယ်တွင် ဧပြီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီမှလုံခြုံရေးယူပေးပြီး ပျူစောထီးများဦးဆောင်သည့် လောင်းကစားဝိုင်းအား သာယာဝတီဂဠုန်တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲခဲ့ရာ ပျူစောထီးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း အဆိုပါအဖွဲ့ထံမှ သိရသည်။

#သုံးဆယ် #မဏ္ဍပ် #မိုင်းခွဲတိုက်ခိုက် #Ayeyarwaddy_Times