ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဧပြီလ ၁၆ ရက်

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ယနေ့သင်္ကြန်အတက်နေ့ နံနက်အစောပိုင်းက ကံပေါက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

ဧပြီလ ၁၆ ရက် နံနက် ၅း၃၀ မီနစ်ခန့်အချိန်က အုပ်ချုပ်ရေးမှူး ရုံးအနီး အရပ်ခေါ်(ဗိုလ်အောင်ဒင်) အမှိုက်သိမ်းယာဥ်ထားရှိတဲ့ ကားခေါင်း အောက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“ပေါက်ကွဲသံ အကျယ်ကြီး တစ်ချက်ကြားလိုက်ရတယ်။အသံကြီးတောင် ဟိန်း ထွက်သွားတာ။ကံပေါက် အတွင်းက ရပ်ကွက်တွေအားလုံးကြားရတယ်ပေါ့။တော်တော်ကိုကြမ်းတယ်။အခုကအဲဒီရုံးအတွင်းကိုဘယ်သူ့ကိုမှမပေးဝင်သေးဘူးပေါ့။စစ်တပ်က သူတို့ရှင်းလင်းရေးလုပ်ပေးပြီးမှ အတွင်းကိုပေးဝင်မယ်”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရုံးအတွင်းရပ်နားထားသည့် အမှိုက်သိမ်းကားတစ်စီးမှာ ဦးခေါင်းပိုင်း ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရသည့် အခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပြီးနောက် မောရဝတီရေတပ်က စစ်ကောင်စီတပ်များရောက်ရှိလာပြီး ကံပေါက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်များနှင့်အတူသစ်တောရုံးလမ်းဆုံ၊ပြင်ကြီးလမ်းဆုံ၊အုန်းပင်ကွင်းလမ်းဆုံတို့တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီး ယခုအချိန်အထိ ကင်းလှည့်မှုများရှိနေကြောင်း ဒေသခံအချို့က ပြောပါတယ်။

အဆိုပါဖောက်ခွဲမှုကိုမည်သည့်အဖွဲ့အစည်းကပြုလုပ်ခဲ့သလည်းဆိုတာကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဓာတ်ပုံ – ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး
#ရေဖြူမြို့နယ် #အုပ်ချုပ်ရေးမှူးရုံး #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times