ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့က အောင်သာယာဈေးမှာ ဧပြီလ ၁၅ ရက်နေ့ ၇နာရီ ၅၀အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း ၃၀ နဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

စျေးမီးလောင်ကျွမ်းမှုဟာ ညအစောပိုင်းမှာဖြစ်ပွား ခဲ့ပေမယ့် သိုလှောင်ထားတဲ့ပစ္စည်းတွေများပြားတာ ကြောင့် မီးလောင်အားကောင်းပြီး ဆုံးရှုံးမှုများခဲ့တာ လို့ ဒေသခံတွေက ပြောပါတယ်။

“ဈေးဆိုတော့ ကော်ပစ္စည်းတွေဆိုင်တွေပါတော့ လောင်အားအရမ်းကောင်းတာ၊ ဈေးပတ်လည်က ဆိုင်ခန်းတွေအကုန်ကုန်တယ်၊ ညဘက်ဈေးစောင့်အိပ်တဲ့ သူတစ်ယောက် သေသွားတယ် တစ်နာရီလောက်မီးကိုငြိမ်းလိုက်ရတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

မီးလောင်မှုမှာ သေဆုံးသွားသူဟာမနက်ပိုင်းကွမ်းယာ ရောင်းချပြီး ညဘက်မှာ ကုန်စိမ်းဆိုင်မှာ ညစောင့်အဖြစ်လုပ်ကိုင်သူ ဦးမိုးကျော်ဆိုသူဖြစ်ပြီး ဈေးအတွင်းမှာ ဆိုင်များက ပစ္စည်းများကို မီးလွတ်ရာကို ကူညီရွှေ့ပေးနေစဥ် ခန္ဓာကိုယ်ကို မီးစွဲဒဏ်ရာများနဲ့ သေဆုံးခဲ့တာလို့သိရပါတယ်။

မီးသတ်တပ်ဖွဲ့၊ လူမူကူညီရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေဝိုင်းငြိမ်းသတ်ခဲ့တာကြောင့် ည ၈နာရီ ၅၅ မိနစ်အတွင်းမှာ ငြိမ်းသတ်နိုင်ခဲ့ပြီး လက်ရှိမှာ မီးလောင်ရခြင်းအကြောင်းကိုစုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
#မော်လမြိုင်ကျွန်းမြို့ #စျေးမီးလောင် #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times