ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်

ကလေးငယ်တွေ အပါအဝင် ပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ ဧပြီလ ၁၁ ရက် လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံ ခြုံရေးကောင်စီက ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

လူသားဘဝနဲ့ နိုင်ငံတကာဥပဒေကို မထီမဲ့မြင်ပြုတဲ့ နောက်ထပ် ဥပမာတစ်ခုဖြစ်တဲ့ မြန်မာစစ်တပ်ရဲ့ အ ခုလေကြောင်းတိုက်ခိုက်မှုကို အမေရိကန်နိုင်ငံက ရှုတ်ချတယ်လို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုပုံစံအားလုံး ရပ်စဲဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့၊ မြန်မာပြည်သူတွေရဲ့ စစ်မှန်သော ဒီမိုကရေစီမျှော်မှန်းချက်တွေကို လေးစားသမှုရှိဖို့ အမေရိကန်နိုင်ငံက စစ်ကောင်စီကို ထပ်လောင်း တောင်းဆိုတယ်လို့ သောမတ်ဂရင်းဖီးက ပြောပါတယ်။

ပြည်သူတွေကို ကာကွယ်ပေးရမယ့် စည်းမျဉ်းတွေအပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေကို စစ်ကောင်စီက လိုက်နာရမယ်လို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အပြည့်အဝ ဖော်ဆောင်မှုကို ထောက်ခံကာ စစ်ကောင်စီကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး လုပ်ဆောင်ရမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံ အပါအဝင် ဒေသတွင်းမိတ်ဖက် တွေနဲ့ လက်တွဲဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ စစ်မှန်သော၊ အားလုံးပါ ဝင်သော ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ဆက်လက် ပံ့ပိုးမယ်လို့ သောမတ်ဂရင်းဖီး က ပြောပါတယ်။

ကိုးကား – https://usun.usmission.gov
Ref; Statement by Ambassador Linda Thomas-Greenfield on the Burma Regime Airstrike

#Ayeyarwaddy_Times