ဧရာဝတီတိုင်းမ်
ဧပြီလ ၁၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ အိန္ဒိယနိုင်ငံက ထုတ်ဖော်ပြောကြားခဲ့ပြီး ပြဿနာအားလုံးကို ငြိမ်းချမ်းစွာ ဖြေ ရှင်းဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

“စစ်ကောင်စီဟာ ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်တို့ ကြားရပါတယ်။ မြန်မာပြည်သူတွေ ရဲ့ အိမ်နီးချင်းနဲ့ မိတ်ဆွေအနေနဲ့ အဖွဲ့အစည်းအားလုံးက အကြမ်းဖက်မှုတွေ ရပ်စဲဖို့နဲ့ ပြဿနာအားလုံးကို ငြိမ်း ချမ်းစွာ ဖြေရှင်းဖို့ ကျွန်တော်တို့ ထပ်တလဲလဲ တောင်းဆိုပါတယ်” လို့ ပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူ အာရင်ဒမ်ဘတ်ချီက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အိန္ဒိယနိုင်ငံက ထပ်လောင်း တောင်းဆိုတယ်လို့ သူက ဆိုပါတယ်။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာရှိ ပကဖရုံးဖွင့်လှစ်ပွဲကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၁၅၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရက်စက်သော လေကြောင်းတိုက်ခိုက်မှုကို ဉရောပသမဂ္ဂ၊ အမေရိကန်၊ အာဆီယံနဲ့ ဆွစ် ဇာလန်၊ ပြင်သစ်၊ ကနေဒါအပါအဝင် ကမ္ဘာ့နိုင်ငံတွေက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံရမယ် လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။

ကိုးကား – The Statesman
Ref; India calls for cessation of violence in Myanmar