နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
လွိုင်ကော်၊ ဧပြီလ ၁၅ ရက်
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ကောင်စီ ဗဟိုသင်္ကြန်မဏ္ဍပ်ကို ယနေ့ ဧပြီလ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့ မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC)မှ သိရသည်။
ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်း စစ်ကောင်စီခန့် ကရင်နီဝန်ကြီးချုပ် PSO နှင့် ရာထူးကြီးပိုင်းအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
“ဒရုန်းနဲ့ ဗုံးကြဲတာက ၂ လုံးလို့ သိရတယ်။ တစ်လုံးက မဏ္ဍပ်မှာ၊ ကျန်တစ်လုံးက ဒကစ(ဒေသကွပ်ကဲမှု စစ်ဌာနချုပ်)မှာ ကျတယ်လို့ အဲလိုကြားရတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး။ ဖြစ်တာကတော့ မှန်ပါတယ်။ ထိခိုက်တာ အားလုံးပေါင်း ၂၄ ဦးလို့ ပြောတယ်။ ကျွန်တော်သိရတာက ဝန်ကြီးချုပ်ရဲ့ PSO တစ်ယောက် ပါတယ်လို့ ပြောတယ်။ နောက်ပြီး လူကြီးတွေအချို့ ထိခိုက်သွားတယ် ပြောတယ်။ နာမည်တွေဘာတွေတော့ သူတို့မပြောသေးတော့ ဘယ်သူတွေပါတယ်ဆိုတာ မသိသေးဘူးဗျ” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC)မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ ပိုဆောင်ထားကြောင်းသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် စစ်ကောင်စီခန့် ညွှန်ကြားရေးမှူး၊ ကျေးလက်ဦးစီးဌာနနှင့်စက်မှုလယ်ယာ ပြည်နယ်မှူး၊ လွိုင်ကော်ပါမောက္ခချုပ်နှင့် အရာရှိအချို့ ပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
#လွိုင်ကော်မြို့ #စစ်ကောင်စီမဏ္ဍပ် #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times