ဧရာဝတီတိုင်းမ်
ဧပြီလ ၁၅ ရက်
ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့ သင်္ကြန်ဗဟိုမဏ္ဍပ်မှာ ယနေ့ ဧပြီလ ၁၅ ရက် (သင်္ကြန်အကျနေ့) မနက်အစောပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ရဲ ၂ ဦးဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
“မနက်အစောကြီး ပေါက်တာ ရေဆော့တဲ့လူတွေမရှိသေးဘူး စစ်သားနဲ့ရဲတွေပဲရှိတဲ့အချိန် ဖြစ်တာ၊ ၃ ယောက်တော့လူနာတင်ကားနဲ့ တင်သွားတာတွေ့တယ်၊ သင်္ကြန်ပွဲကတော့ ဆက်လုပ်နေတယ်”လို့ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
အင်္ဂပူမြို့ကပညာရေးမှူးရုံးရှေ့ ကလမ်းသင်္ကြန်ဗဟိုမဏ္ဍပ်မှာ ဗုံးကို စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့များကတွေ့ရှိသွားပြီးတောင်းတစ်လုံးနဲ့အုပ်ကာအထက်ကိုအကြောင်းကြားနေစဥ် ပေါက်ကွဲပြီး ရဲနှစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရသွားတာလို့ စစ်ကောင်စီနဲ့နီးစပ်တဲ့အသိုင်းအ၀န်းက နေသိရပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်ပြီး အင်္ဂပူမြို့သင်္ကြန်ဗဟိုမဏ္ဍပ်တွင်နံနက်ပိုင်းရေကစားသူ အနည်းငယ်သာရှိသေးသည့်အချိန် စစ်ကောင်စီတပ်သားများနှင့်ရဲများစုဝေးနေသည့် နေရာမှာဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု အင်္ဂပူမြို့နယ်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
#အင်္ဂပူမြို့ #စစ်ကောင်စီသင်္ကြန်မဏ္ဍပ် #ဗုံးပေါက်ကွဲ #Ayeyarwaddy_Times