ဧရာဝတီတိုင်းမ်
ဧပြီလ ၁၄ ရက်

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင်း စစ်လက်နက်တွေစီးဆင်းမှု ရပ်တန့်ဖို့နဲ့ အာဏာသိမ်းစစ် ကောင်စီအပေါ် ပူးပေါင်း ဒဏ်ခတ်အရေးယူမှုပြုလုပ်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်ကောင်စီကို အထောက်အပံ့ပေးနေတယ်လို့ သူက ထောက်ပြ ခဲ့ပြီး စစ်ကောင်စီထံ စစ်လက်နက်တွေပေးပို့မှု ရပ်တန့်ရေး တွန်းအားပေးဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါ တယ်။

“လက်နက်၊ နည်းပညာနဲ့ လက်နက်ထုတ်လုပ်တဲ့ကုန်ကြမ်းတွေ တင်ပို့တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ကို အဖွဲ့ဝင်နိုင်ငံတွေက ဖိအားပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့တဲ့ စစ် ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပြီးနောက် တွမ်အန်ဒရူးက ပြောကြားခဲ့ပါတယ်။

“မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ ရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ဒီစစ်လက်နက်တွေကို အ သုံးပြုနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီစစ်လက်နက်တွေက စစ်ကောင်စီကို လူသားမဆန်သော ရာဇ ဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ဟာ ကြောက်မတ်ဖွယ်ရာကောင်းပြီး လက် သင့်ခံစရာမရှိဘူးလို့ တွမ်အန်ဒရူးက ထောက်ပြပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေ လျှော့နည်းလာစေဖို့ မဟာဗျူဟာမြောက် စီးပွားရေး ဒဏ်ခတ်အရေးယူမှု တွေ ပြုလုပ်တာအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူတွေကို ပံ့ပိုးကူညီရမယ်လို့ ၎င်းက ဆိုပါ တယ်။

စစ်ကောင်စီအပေါ် ဖိအားပေးလိုတဲ့ နိုင်ငံတွေက အတူတကွ စုပေါင်းညှိနှိုင်းကာ လက်တွေ့ကျသော ဒဏ် ခတ်အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ သူက ပြောပါတယ်။

နယ်မြေစိုးပိုင်မှု ဆုံးရှုံးတာနဲ့ မြေပြင်ရှိ စစ်သားတွေ ပိုပြီး အားနည်းလာတာကြောင့် အရပ်သားတွေအ ပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေ ပိုတိုးလာတာလို့ တွမ်အန်ဒရူးက ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပမာဏများပြားသော အရပ်သားသေဆုံးမှုတွေ ဖြစ်စေခဲ့ပြီး အာ ဏာသိမ်းခေါင်းဆောင်တွေက ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှကို အကြမ်းဖက်သမားတွေလို့ သတ်မှတ်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင့် ပြည်သူတွေက ပိုမို နာကျည်းလာပြီး စစ်တပ်ကိုတွန်းလှန်ဖို့ ပိုပြီး စိတ် ပိုင်းဖြတ်လာကြတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – CNA
Ref; International community needs to stop flow of weapons into Myanmar, impose coordinated sanctions: UN rights envoy