ဧရာဝတီတိုင်းမ်
ဧပြီလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်အခြေစိုက် Bant Two အဖွဲ့မှစနိုက်ပါများထုတ်လုပ်၍ ယင်းမာပင်နှင့် မင်းကင်းဒေသရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအား အကူအညီပေးနေသည်မှာ ၅ လဝန်းကျင်ရှိပြီဖြစ်ကြောင်း Bant Two အဖွဲ့ထံမှ သိရသည်။

Bant Twoအဖွဲ့သည် တော်လှန်ရေးကာလအစောပိုင်းမှ စတင်ပြီး လက်နက်ခဲယမ်းထုတ်လုပ်နေသည့်အဖွဲ့တစ်ခုဖြစ်ပြီး လက်နက်အမျိုးအစား ၁၀ မျိုးဝန်းကျင်ထုတ်လုပ်ခဲ့ပြီး ယခုအခါတွင် မီတာ ၁၀၀၀ ဝန်းကျင်အထိပစ်ခတ်နိုင်သည့် စနိုက်ပါများကို အဓိကထား ထုတ်လုပ်‌နေကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“ခုထုတ်နေတဲ့ စနိုက်ပါက ‌စိတ်ချရပါတယ်။သုံးရလည်းအဆင်ပြေတယ်။ လက်လုပ်တွေကအဆင်မပြေတော့ စနိုက်ပါကိုပဲထုတ်နေတာ။ တိုက်ခိုက်ရေးမသွားရတဲ့အခါမျိုးတွေမှ နီးစပ်ရာအဖွဲ့တွေက အကူအညီတောင်းတဲ့အခါကျရင် ထုတ်လုပ်ပေးတာမျိုးရှိတယ်။ သူတို့ဆီကလုပ်အားခရရင် ပစ္စည်းပြန်ဝယ်တယ်၊ ပြန်ဆင်တယ်အဲ့လိုမျိုးလုပ်တယ်။ ကျွန်တော်တို့က တိုက်ခိုက်ရေးရော၊ ထုတ်လုပ်ရေးရောလုပ်တယ်။ ကျွန်တော်တို့စလုပ်ထဲကနေ ဗျတ္တညီနောင်အဖွဲ့က ကူညီတာမျိုးရှိတယ်။ အများအားဖြင့် ကိုယ်ပိုင်ပိုက်ဆံနဲ့စိုက်ထုတ်ပြီး ထုတ်လုပ်တာများတယ်။ အခုနောက်ပိုင်းကျတော့ လက်နက်ထုတ်လုက်ဖို့ အကူညီလိုအပ်လာတယ်။” ဟု Bant Two အဖွဲ့တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဓိကထားထုတ်လုပ်နေသည့် စနိုက်ပါမှာ တိုက်ပွဲများအတွင်းတွင်လည်း အသုံးပြုနေပြီး တော်လှန်ရေးတပ်ဖွဲ့များအတွက် ပစ္စတို၊ စနိုက်ပါရိုင်ဖယ်၊ မောင်းပြန်၊ အိန္ဒိယကျည်ထည့်ပြီးပစ်ရသည့်လျော့ဂန်းများကို ထုတ်လုပ်တပ်ဆင်ပေးနိုင်ခဲ့ပြီး လက်နက်(error)များအားလည်း ပြင်ဆင်ပေးကြောင်း သိရသည်။

Bant Twoအဖွဲ့သည် တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်နက်များ ထုတ်လုပ်နေသော်လည်း ရောင်းချခြင်းမရှိပဲ ထုတ်လုပ်မှုကုန်ကျစရိတ်သာ လက်ခံပြီး ထုတ်လုပ်နေခြင်းဖြစ်သည့်အတွက် ရေရှည်တွင် ဆက်လက်ရပ်တည်နိုင်ရန်အကူအညီများ လိုအပ်သည့်အတွက် ပြည်သူများမှဝိုင်းဝန်း ကူညီပေးကြရန် ပြောဆိုထားပါသည်။

#လက်နက် #စနိုက်ပါ #BantTwo #Ayeyarwaddy_Times