ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ ဧပြီလ ၁၄ ရက်
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ သင်္ကန်းကုန်းနှင့် မြောက်ပန်းဆွဲရွာကြားရှိ လောင်းကစားဝိုင်းတစ်ခုအား ဧပြီလ ၁၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် သာယာဝတီဂဠုန်တပ်ဖွဲ့မှ အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါလောင်းကစားဝိုင်းမှာ စစ်ကောင်စီမှဦးဆောင်ပြုလုပ်ထားသည့် လောင်းကစားဝိုင်းဖြစ်ပြီး ပျူစောထီးများမှ လုံခြုံရေးယူပေးနေပြီး လောင်းကစားဝိုင်းလာသူပြည်သူများပြန်သွားသည့်အချိန်မှ မိုင်းခွဲခဲ့ခြင်းဖြစ်ပြီး ကင်းစောင့်နေသည့် ပျူစောထီး ကတုံးဆိုသူမှာ အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“သာယာဝတီခရိုင်မှာက လောင်းကစားဝိုင်းတွေကမှိုလိုပေါက်လာတာ။ စစ်ကောင်စီက ပျူစောထီးတွေကို မဖြစ်မနေလုပ်ခိုင်းတဲ့သဘောကို ဖြစ်လာတာ။ အများပြည်သူကို နိုင်ငံရေးမှာ အာရုံမရှိအောင်လောင်းကစားဝိုင်းမှာပဲပျော်အောင်၊ လောင်းကစားကြောင့်ဘဝတွေပျက်အောင် ရည်ရွယ်ချက်တွေနဲ့ လောင်းကစားဝိုင်းတွေ ဖွင့်ခိုင်းတာ။” ဟု သာယာဝတီ(ပကဖ) တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လောင်းကစားဝိုင်းကြီးများတွင် လောင်းကစားပြုလုပ်သူ ၈၀ ဝန်းကျင်အထိရှိပြီး ထိုကဲ့သို့ စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုနေသည့်အတွက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တားမြစ်သတိပေး ဖောက်ခွဲမှုများပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် စစ်ကောင်စီမှကျင်းပပြုလုပ်နေသည့် သင်္ကြန်ပွဲတော်အား သွားလာခြင်းမှရှောင်ကြဉ်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းသွားလာခြင်းမပြုရန်လည်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ သတိပေး ထုတ်ပြန်ထားပါသည်။