နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၄ ရက်

အာဏာသိမ်း စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ၎င်းတို့ရုံးစိုက်ရာ နေပြည်တော်နှင့် နီးစပ်နေသည့် ရှမ်း-ကရင်နီဒေသကို ထိုးစစ်အရှိန်မြှင့်လာသလို လူထုကြောက်သွားအောင်လည်း ယခင်ကထက် ပိုမို ရက်ရက်စက်စက်လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် နှစ်ဖက်စစ်ရေး တင်းမာလျက်ရှိပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်းနှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF(KK) မြေပြင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်ဗွေဟုန်းတို့က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ကျွန်တော်တို့ ရှမ်းပြည်ဆိုပေမယ့်လို့ အဓိကကတော့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲနဲ့ ပင်လောင်းမှာ အဓိက သူ(စစ်ကောင်စီ)တို့ ထိုးစစ်ဆင် တိုက်ခိုက်တာ လုပ်တယ်။ တနည်းအားဖြင့်ပြောရင် ကရင်နီနဲ့ ရှမ်းနယ်စပ် ပေါ့နော်။ အဲဒီမှာ သူ(စကစ)တို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ပိုမိုပြီးတော့ ပြင်းထန်လာတယ်။ ဒီအခြေအနေကို ကြည့်ရတဲ့အခါမှာ သူ(စစ်ကောင်စီ)တို့အနေနဲ့က နေပြည်တော်နဲ့ နီးစပ်တဲ့အပေါ်မှာလည်း အင်မတန် စိုး ရိမ်စိတ်ကြီးနေတယ်လို့ ကျွန်တော်တို့ထင်တယ်။ ဒါကြောင့်မို့လို့ ရက်ရက်စက်စက်ကို လေယာဉ်တွေနဲ့ တိုက်ခိုက်တာမျိုးတွေ ရှမ်း-ကရင်နီဒေသတွေမှာ ပိုပြီးလုပ်လာတယ်” ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။

ယခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်မှစတင်၍ စစ်ကောင်စီသည် အင်အား ၁,၅၀၀ ပါသော စစ်ကြောင်း ၁၂ ကြောင်းကို အသုံးပြု၍ ကရင်နီနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ထိုးစစ်ဆင်လာပြီး စစ်အုပ်ချုပ်ရေးအလွန် နှစ်လအတွင်း တိုက်ပွဲဖြစ်ပွားမှု သုံးဆကျော် တိုးလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar)က ပြီးခဲ့သည့် ဧပြီ ၁၀ ရက်တွင် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့သည့်အထဲတွင် ကရင်နီခုခံတော်လှန်ရေးဆိုင်ရာ စစ်ဗျုူဟာတစ်ခုလုံးကို ကျားကန်ထားသော ကရင်နီတပ်မတော်(KA)၏ ရှားတောမြို့နယ်ရှိ အခြေစိုက်စခန်းများ၊ ကရင်နီအမျိုး သားများ ကာကွယ်ရေးတပ်(KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) များ စိုးမိုးမှုအားကောင်းသည့် ဒီးမော့ဆို၊ ဘော်လခဲ၊ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်များ ပါဝင်ကြောင်း ISP Myanmar က ဖော်ပြထားသည်။

စစ်အုပ်ချုပ်ရေး ကြေညာပြီး နှစ်လအတွင်း ကရင်နီနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တိုက်ပွဲဖြစ်မှု ၈၂ ကြိမ်ထက်မနည်းရှိခဲ့ပြီး ယင်းမတိုင်မီ နှစ်လတွင် တိုက်ပွဲဖြစ်မှု ၂၃ ကြိမ်ဝန်းကျင်သာရှိသဖြင့် သုံးဆ ကျော် တိုးလာသလို လေကြောင်းတိုက်ခိုက်ခံရမှုအနေဖြင့် ၃၆ ကြိမ်ထက်မနည်းရှိကြောင်း ISP Myanmar က ဆိုသည်။

“သူတို့ မြေပြင်ကနေ တိုက်ခိုက်မှုမနိုင်တဲ့အခါ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့သော်လည်းကောင်း၊ လေယဉ်နဲ့သော်လည်းကောင်း အဓိကထား တိုက်ခိုက်လာတာတွေ ရှိတယ်ပေါ့နော်။ အခုအခြေအနေထိလည်း သူတို့ လုပ်နေတာပေါ့နော်။ ထိုးစစ်ဆင်မှုတွေနဲ့ ပြန်ပြီးတော့ ခြေကုတ်ရယူနိုင်ဖို့ သူ(စကစ)တို့ လုပ်ဆောင်လာတယ်။ မြေပြင်အခြေအနေကတော့ တိုက်ပွဲတွေ ဒီထက်ပိုပြီး ပြင်းထန်ဖို့ရှိတယ်။ စစ်ကောင်စီက လည်း နောက်ဆုတ်သွားမယ့် အခြေအနေမရှိဘဲ မီးကုန်ယမ်းကုန် လုပ်နေမှာပဲ” ဟု PNDF(KK) မြေပြင်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ခွန်ဗွေဟုန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် မတ်လ တစ်လတာအတွင်း ကရင်နီနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲစုစုပေါင်း ၁၀၂ ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၈၁ ဦး သေဆုံးကာ ၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားသည့် မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံ နယ်စပ်တိုက်ပွဲများနှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

#နေပြည်တော် #ရှမ်း #ကရင်နီ #စစ်ရေးတင်းမာ #Ayeyarwaddy_Times