ဧရာ၀တီတိုင်းမ်
ဧပြီလ ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့အပါအဝင် မြန်မာနိုင်ငံ ဒေသအများအပြား၌ လူပေါင်းရာနှင့်ချီ၍ သေဆုံးဒဏ်ရာရစေခဲ့သည့် မြန်မာစစ်တပ်၏လေကြောင်းစစ်ဆင်ရေးများကို အဓိက အမိန့်ပေးနေသူမှာ ဒု ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်ကြောင်း စစ်ဘက်သတင်း ရပ်ကွက်များထံက သိရသည်။
စစ်ထောက်လှမ်းရေးကွန်ရက်များမှတဆင့် ရရှိလာသည့် လေကြောင်းပစ်မှတ်များကို သက်ဆိုင်ရာ စစ်တိုင်းမှူး ဗိုလ်ချုပ်များက ၎င်းတို့အထက်ရှိ စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များထံ တင်ပြရသည်။ ကစထမှူးများမှ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ ဆက်လက်တင်ပြရပြီး လေကြောင်းစစ်ဆင်ရေးများအတွက် ၎င်းက ခွင့်ပြုချက်ပေးနေခြင်းဖြစ်သည်။
“လေကြောင်းစစ်ဆင်ရေးတွေကို အဓိက အမိန့်ပေးနေတာက ဒုချုပ် စိုးဝင်းပဲ။ လူတော်တော်များများက အဲ့ဒါကို မသိကြတော့ တစ်ခုခုဆို ကာချုပ်ကိုပဲ တည်ပြီးဆဲနေကြတာ။ တကယ်က ဒုချုပ်ကပဲ အောက်ခြေက တင်ပြလာတဲ့ လေကြောင်းစစ်ဆင်ရေးတွေကို အတည်ပြုပေးနေတာ”ဟု နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အာဏာသိမ်းစစ်တပ်၏ ဒုတိယ စစ်ခေါင်းဆောင် ဖြစ်သလို တပ်မတော်၏ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ်လည်း ဖြစ်သည်။
ကရင်နီပြည်နယ်မှ CDM ပြုလုပ်ခဲ့သူ
တပ်မတော်အရာရှိ CDM ဗိုလ်ကြီးတစ်ဦးမှလည်း”ဒုချုပ်စိုးဝင်းက လေကြောင်းစစ်ဆင်ရေးတင် မကဘူး၊ တခြားသော မြေပြင်စစ်ဆင်ရေးတွေ တော်တော်များများကို သူပဲ အမိန့်ပေးနေတာ”ဟု ပြောသည်။
စစ်ကောင်စီ၏တပ်မတော်(လေ) လက်အောက်တွင် တံတားဦး၊ မှော်ဘီ၊ နေပြည်တော်၊ တောင်ငူ၊ မကွေး၊ ပုသိမ် အစရှိသည့်လေတပ်များမှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များက တော်လှန်ရေးအင်အားစုများနှင့် အရပ်သား ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နေသည်။
စစ်ခေါင်းဆောင်များက လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ရာထူးမှ အနားပေးခဲ့ပြီး ၎င်း၏နေရာတွင် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အစားထိုး ခန့်အပ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ထွန်းအောင် လေတပ်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူပြီးနောက် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများစွာ ပေါ်ပေါက်ခဲ့သည်။
ထင်ရှားသည့် လေကြောင်းတိုက်ခိုက်မှုများမှာ ကလေးငယ်များအပါအဝင် လူပေါင်း ၁၂ ဦး သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းတိုက်ခိုက်မှု၊ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့သည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာတိုက်ခိုက်မှု၊ အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည့် ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာတိုက်ခိုက်မှုနှင့် လူပေါင်း ၁၆၀ ကျော်သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာလေကြောင်း တိုက်ခိုက်မှုတို့မှာ ပြည်တွင်းပြည်ပကပါ သိရှိခဲ့သော ရက်စက်ကြမ်းကြုတ်သည့် လေကြောင်းတိုက်ခိုက်မှုများ အဖြစ် ထင်ရှားသည်။
#လေတပ် #ပိုင်းလော့ #တိုက်လေယာဉ် #လေကြောင်းစစ်ဆင်ရေး #Ayeyarwaddy_Times