ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဧပြီလ ၁၄ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ထွက်ခွာလာသော သံချပ်ကာ ၂ စီး၊ JCB တစ်စီးနှင့် စစ်ကောင်စီယာဥ် ၂၅ စီးတို့ကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ယနေ့တွင် အကုန်လုံးဖျက်ဆီးနိုင်ခဲ့ကြောင်းချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောကြားသည်။

အဆိုပါစစ်ကောင်စီယာဥ်တန်းသည် ပြီးခဲ့သည့် မတ်လ ၉ ရက််နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ဟားခါးမြို့သို့ ရိက္ခာပို့ရန် စတင်ထွက်ခွာလာခဲ့ပြီး လက်ရှိအင်အား ၄၀ ခန့်သာကျန်ရှိတော့ကြောင်းသိရသည်။

“ဒီနေ့မှာတော့ စစ်ကောင်စီယာဥ်တန်း တတန်းလုံးကို ကျွန်တော်တို့ ဖြုတ်သိမ်းဖျက်ဆီးနိုင်ခဲ့တယ်ပေါ့။ တင့်ကား ၂ စီးလည်းပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုက အတိအကျတော့ မသိနိုင်ပေမယ့် အခုလက်ရှိမှာ အများဆုံးမှ အင်အား ၄၀ ပဲကျန်တော့တယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ဂျက်ဖိုက်တာ ၁ စီးနဲ့ အနည်းဆုံး ၄ နေရာမှာ ဗုံးကြဲသွားတယ်”ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီယာဥ်တန်းသည် ယာဥ် ၇ စီးနှင့်အတူ ဟားခါးမြို့နှင့် ၅ မိုင်ခန့်ကွာဝေးသော ချွန်ကျုံးရွာအရောက်တွင် ချင်းအမျိုးသားတပ်မတော်(CN​A)နှင့် ချင်းကာကွယ်ရေးတပ်က အပြီးဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ထဲမှ သေဆုံးဒဏ်ရာရရှိသူများနှင့် နာမကျန်းဖြစ်မှုတို့ကြောင့် လက်ရှိတွင် အင်အား ၄၀ ခန့်သာ ကျန်ရှိတော့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖလမ်း-ဟားခါလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဘုရားကျောင်းများအပါအဝင်ပြည်သူနေအိမ်အများအပြားကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကြောင်းသိရသည်။

“ဖလမ်း-ဟားခါးကြာက ကျေးရွာ သုံး/လေးရွာကတော့ နေအိမ်တစ်ချို့က မီးလောင်ပျက်စီးတာပေါ့နော်။ အဲ့ဒီမှာ နောက်ဆုံးရွာဖြစ်တဲ့ ချွန်ကျုံးရွာကတော့ မီးဆက်လောင်နေတာပေါ့နော်။ အိမ်ခြေ ၁၆ ဝန်းကျင်လောက်တော့ရှိပြီ။ အဲ့ဒါကတော့ မီးရှို့တာတင်မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ယာဥ်တန်းကို ဖျက်ဆီးတဲ့အချိန်မှာ ပေါက်ကွဲသံတွေ ကြားနေရတယ်။ သူတို့ရဲ့ ဗုံးတွေ၊ ကျည်ဆန်တွေကနေ ပေါက်ကွဲပြီးတော့ မီးကူးတာတွေကတဆင့် လောင်သွားတာတွေ ရှိတာပေါ့နော်”ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆိုသည်။

ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းရွာထဲမှ ဆက်လက်မထွက်ခွာသည့်အတွက် ဟားခါးမြို့မှ စစ်ကူလာရောက်ခဲ့ပြီး ထိုစစ်ကူကိုလည်း CNAနှင့် ချင်းကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
#ချင်းပြည်နယ် #ဖလမ်း #ဟားခါး #စစ်ကောင်စီယာဥ်တန်း #ဂျက်ဖိုက်တာ #ဗုံးကြဲတိုက်ခိုက်
#Ayeyarwaddy_Times