ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ NUG က ဖွင့်တဲ့ ကျောင်းကိုတက်ရောက်လို့ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူ (၄) ဦးကို ထောင်တွင်းတရားရုံးက ဧပြီလ ဒုတိယပါတ်အတွင်းက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တယ်လို့သိရပါတယ်။

အမိန့်ချမှတ်ခံရသူတွေဟာ ပုသိမ်မြို့မှာနေထိုင်တဲ့ မလင်းလက်အောင်၊ မအေးနှင်းသူ ၊ မသော်တာမင်း နှင့် မမှူးသွဲ့စံတို့ကို ဖမ်းဆီးထားပြီး ၆ လအကြာမှာ ပုဒ်မ ၅၀ ည၊ ၅၂ က တို့နဲ့ အမိန့်ချလိုက်တာဖြစ်ပါတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

“သူတို့ ၄ ဦးလုံးအသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် အသက်၂၀ အထိ ရန်ကုန်တိုင်းကလူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း(ကလေးထောင်)မှာ နေဖို့အမိန့်ချလိုက်တာ၊ ထောင် ၅ နှစ်နဲ့အတူတူပဲ ကလေးတွေဆိုတော့ ခုပုသိမ်ထောင်မှာမထားတော့ဘူး”လို့ အကျဥ်းဦးစီးဌာန နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂၊ နို၀င်ဘာ ၁၁ရက်နေ့မှာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေက တစ်ဆင့်တယ်လီဂရမ်ကနေ ခြေရာခံပြီး စစ်ကောင်စီရဲ့ဖွင့်လှစ်တဲ့ကျောင်းကို သပိတ်မှောက်ပြီး NUG ကျောင်းကိုတက်ရောက်နေတဲ့စာရင်းကို ရရှိသွားပြီး ပုသိမ်ခရိုင်အတွင်းက ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခဲ့တဲ့ ၁၄ ဦး ထဲက မောင်သက်ကိုမင်း ၊ မောင်ကျော်မြတ်ဟိန်း ၊ မလင်းလက်အောင်၊ မအေးနှင်းသူ ၊ မ သော်တာမင်း နှင့် မမှူးသွဲ့စံ၊ တို့ကို ပုဒ်မ ၅၀ည ၊ ပုဒ်မ ၅၂က တို့ဖြင့် တရားစွဲ ကာပုသိမ်ထောင်မှာ ဖမ်းဆီးထားတာလို့ ရှေ့နေလအသိုင်းအ၀န်းကနေသိရပါတယ်။

” ကလေးတွေဆိုတော့ တယ်လီဂရမ်ဂရုလေးဖွင့်ထားပြီး နိုင်ငံရေးအကြောင်းတွေ၊ NUGကျောင်းတက်တဲ့အကြောင်းတွေပြောကြတာရှိတာပေါ့၊ ရဲက တစ်ယောက်မိသွားတော့တယ်လီဂရမ်ကနေဟန်ဆောင်ဆက်သွယ်ပြီးလိုက်ဖမ်းတာ၊ ပြန်လွှတ်ဖို့ သိန်း ၅၀ တောင်းတယ်တစ်ချို့ကိုပြန်လွှတ်ပေးတယ်၊ ၆ ဦးပဲ တရားစွဲတာ”လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ၆ ဦးအနက်ကျောင်းသူ ၄ ဦးကို အမိန့်ချမှတ်ခဲ့ပေမယ့် ငပုတောမြို့နယ်က အသက် ၁၇ နှစ်အရွယ် မောင်ကျော်မြတ်ဟိန်းနဲ့ ချောင်းသာက အသက် ၁၆ နှစ်အရွယ် မောင် သက်ကိုမင်း တို့ကိုအမိန့်မချသေးပဲ အကြမ်းဖက်ပုဒ်မ ၅၀ ည ၊ ၅၂ တွေနဲ့ရုံးထုတ်စစ်ဆေးနေဆဲလို့ ရှေ့နေအသိုင်းအ၀န်းနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

#ပုသိမ်မြို့ #NUG #စာသင်ကျောင်း #အသက်မပြည့်သူ #ထောင်ချခံရ #Ayeyarwaddy_Times