ဧရာ၀တီတိုင်းမ်
ဧပြီလ ၁၃ ရက်
အာဏာသိမ်း စစ်ကောင်စီက လေတပ်များရှိ တိုက်ခိုက်ရေးလေယာဉ်မှူးများနှင့် စက်ပြင်များကို သင်္ကြန်ကာလအတွင်း အနားပေးခြင်း မရှိဘဲ လေကြောင်းစစ်ဆင်ရေးအတွက် အသင့်အနေအထားဖြင့် ပြင်ဆင်ခိုင်းထားကြောင်း သတင်းရရှိသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်များက တိုက်ခိုက်ရေး တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များရှိသည့် နေပြည်တော်၊ တောင်ငူ၊ မှော်ဘီ၊ တံတားဦး အစရှိသည့် လေတပ်များရှိ တိုက်ခိုက်ရေးအုပ်စု လေယာဉ်မှူးများနှင့် စက်ပြင်များအားလုံး သင်္ကြန်ကာလ အတွင်း လေကြောင်းစစ်ဆင်ရေးအတွက် အသင့်ပြင်ခိုင်းထားခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“တိုက်ခိုက်ရေးအုပ်စုက လေယာဉ်မှူးတွေအကုန်လုံးနဲ့ စက်ပြင်တွေကို သင်္ကြန်တွင်း အနားမပေးဘူး။ အသင့်အနေအထားနဲ့နေဖို့ ညွန်ကြားထားတယ်”ဟု နေပြည်တော်လေတပ်နှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက တံတားဦး၊ မှော်ဘီ၊ နေပြည်တော်စသည့်လေတပ်များမှ ရုရှားနိုင်ငံထုတ် YAK-130 တိုက်လေယာဉ်များ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် တခါတရံတွင် သက်တမ်းကုန်နေပြီ ဖြစ်သည့် A5 တိုက်လေယာဉ်များကို အသုံးပြု၍ တော်လှန်ရေးအင်အားစုများနှင့် အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့သည်။
ထို့ပြင် ယခုလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီလေတပ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက်မပြည့်သေးသူ ကလေးငယ် ၂၀ ကျော်အပါအဝင် ဒေသခံ ၁၆၅ ဦးအထိ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း လူအများဆုံးသေဆုံးခဲ့သော တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ယင်းလုပ်ရပ်အပေါ် ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားက စစ်ကောင်စီအပေါ် ပြင်းထန်သည့်ဝေဖန်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။
#လေတပ် #ပိုင်းလော့ #တိုက်လေယာဉ် #လေကြောင်းစစ်ဆင်ရေး #Ayeyarwaddy_Times