ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ ၁၆၅ ဦးထိရှိလာပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စုစုပေါင်း သေဆုံးသူ ၁၆၅ ဦးထိရှိကာ ဒဏ်ရာရရှိသူများကိုလည်း ဆေးကုမှုလုပ်ဆောင်ပေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

“တိုက်ခိုက်ခံရမှု ဖြစ်စဉ်ကို သိရသည့်အချိန်ကစလို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့အနေနဲ့ မြေပြင်ကို အဖွဲ့တွေစေလွှတ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပေမယ့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ကြိုတင်သတင်း ရရှိခဲ့တာကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်နိုင်ခဲ့ပါတယ်” ဟု ပြောသည်။

နံနက် ၇ နာရီခွဲခန့်က ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးသစ်တက် အလှူအတန်းလုပ်နေချိန် အာဏာသိမ်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကျဲခဲ့ပြီး MI35 ရဟတ်ယာဉ်နှင့် ထပ်မံပစ် ခတ်ခဲ့သလို ညနေ ၅ နာရီ ၄၅ မိနစ်တွင်လည်း ကူညီကယ်ဆယ်နေသူများကို ပစ်မှတ်ထား၍ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

ထိခိုက်သေဆုံးသူစာရင်းကို ဆက်လက်ကောက်ယူနေပြီး ဘယ်သူဘယ်ဝါ၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ဖြစ်သည်ကို အတည်ပြုနိုင်ရန် ကြိုစားနေပြီး သေဆုံးသူဦးရေ ယခုထက်ပို၍ တိုးလာနိုင်ချေ ရှိနေကြောင်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။