ဧရာ၀တီတိုင်းမ်
ဧပြီ ၁၃ ရက်
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်ကောင်စီတပ် သားများနှင့် အရပ်၀တ်များ ၀တ်ဆင်ထားသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့၀င်များမှ လိုင်းကားများ အပါအ၀င် အိမ်စီးကား၊ အငှားယာဉ်များကို တားဆီးစစ်ဆေးလျက်ရှိကြောင်း မြို့ခံများထံက သိရသည်။
ယနေ့ ဧပြီ ၁၃ ရက်(သင်္ကြန်အကြို) နေ့ နံနက်အစောပိုင်းကတည်းက စတင်၍ အစစ်အဆေးကြမ်းလျက်ရှိပြီး အထုပ်များကိုပါ ဖွင့်ဖောက်စစ်ဆေးနေကြောင်း သိရသည်။
“လိုင်းကားပေါ်တွေပါတက်စစ်တာ။ အထုပ်တွေပါရင် ဖောက်ပြခိုင်းတယ်။ တစ်စီးချင်း ကိုစစ်နေတာ။ ရေဆော့ကစားတဲ့သူတွေတော့မရှိပါဘူး။ သူတို့စီစဉ်ထားတဲ့သူတွေနဲ့၊ ရဲမိသားစု၀င်တွေပဲရှိတာ။ ရဲစခန်းရှေ့နားမှာ မဏ္ဍပ်ထိုးထားတာ။ သေမှာကြောက်လို့ အသည်းအသန်စစ်နေတာ”ဟု သန်လျင်မြို့နေ အမျိုး သမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် သင်္ကြန်ပွဲတော်ဖြစ်မြောက်စေရန် ရဲမိသားစု၀င်များ၊ Non-CDM အစိုးရ၀န်ထမ်းများကို ဖိအားပေးညွှန်ကြားထားမှုများရှိကြောင်း သိရသည်။
ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် သင်္ကြန်ကို ပါ၀င်ဆင်နွှဲခြင်းမရှိဘဲ စစ်အာဏာရှင်ကို တော်လှန်နေကြောင်း ပြသခြင်းအားဖြင့် တော်လှန် သင်္ကြန်အဖြစ် အိမ်အတွင်း၌သာ တိတ်ဆိတ်စွာ နေထိုင်နေကြကြောင်း သိရသည်။
#ရန်ကုန်တိုင်းမ် #သန်လျင်မြို့ #စစ်ကောင်စီတပ် #စစ်ဆေး #သင်္ကြန်အကြို #Ayeyarwaddy_Times