နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်

NUG နှင့် PDF တို့ကို ပံ့ပိုးပေးနေသည့် EROs အဖွဲ့များအား ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု စစ်ခေါင်းဆောင် ပြောဆိုပြီးနောက် စစ်သုံးစရိတ် ၅၀ ရာခိုင်နှုန်းကျော် တိုးမြင့်လာခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် စစ်သုံးစရိတ်ကို ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်လာကာ ပိုမိုဆိုးဝါးသည့် အကြမ်းဖက်မှုများ လုပ်ဆောင်လာနိုင်ကြောင်း လေ့လာသူများက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် ယခုနှစ် ဧပြီလ ၁ ရက်က စတင်ခဲ့သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသုံးစရိတ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော် သုံးစွဲရန် သတ် မှတ်ခွင့်ပြုထားပြီး ယခင်နှစ်ထက် ကျပ်ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်ခဲ့ကြောင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ဖော်ပြချက်အရ သိရသည်။

“စစ်အုပ်ချုပ်ရေးကာလမှာ စစ်သုံးစားရိတ် တိုးချဲ့တယ်လို့ နားလည်ပါတယ်။ တဖက်မှာလည်း တပ်မတော်နေ့ မိန့်ခွန်းမှာပါသလို တော်လှန်ရေးအင်အားစုတွေနဲ့ သူတို့ကို ထောက်ပံ့ကူညီနေတဲ့ လူမျိုးစုလက် နက်ကိုင်အဖွဲ့တွေကို စစ်ရေးတိုးချဲ့ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်တဲ့သဘောလို့လည်း နားလည်ပါတယ်။ စစ်ကိုင်း၊ မကွေး တိုက်ပွဲတွေ ပိုပြင်းထန်လာမဲ့ သဘောတော့ရှိပါတယ်။ လူမျိုးစုလက်နက်ကိုင် ဒေသတွေ မှာလည်း စစ်ရေးတိုးချဲ့လာမဲ့ သဘောရှိပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသုံး စရိတ်တွင် ကျန်းမာရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၈၀၀ ကျော်၊ ပညာရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၂၀၀၀ ကျော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနအတွက် ကျပ်ဘီလီယံ ၄၃၀၀ ကျော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအတွက် ကျပ်ဘီလီယံ ၅၀၀ ကျော်တို့ သုံးစွဲသွားရန် သတ်မှတ်ခွင့်ပြုထားကြောင်း သိရသည်။

“ဒီလိုစစ်သုံးစရိတ် တိုးမြှင့်လိုက်တာဟာ စစ်ကောင်စီဟာ လက်ရှိအနေအထားနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ တစ်ဖက်လှည့်နဲ့ ဝန်ခံလိုက်တဲ့ သဘောပါပဲ။ ဒါ့ကြောင့် ဘက်ဂျက် တိုးမြှင့်သုံးစွဲဖို့ စီစဉ်လာတာဖြစ်တယ်။ ခန့်မှန်းနိုင်တာကတော့ လာမယ့်ကာလတွေမှာ စစ်ကောင်စီဟာ ဒီ့ထက်ပိုပြီး အကြမ်းဖက်လာမယ်၊ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာမယ်၊ ရက်စက်ဆိုးသွမ်းလာမယ်ဆိုတဲ့ အချက်ပေး ခေါင်းလောင်းသံ တစ်ခုပါပဲ” ဟု CDM ဗိုလ်ကြီး ဗစ်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အသုံးစရိတ်တွင် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် စုစုပေါင်း ကျပ်ဘီလီယံ နှစ်သောင်းနီးပါးခန့် သုံးစွဲရန် ခွင့်ပြုထားသလို လျှပ်စစ် ကဏ္ဍအတွက် ကျပ် ဘီလီယံ ၆၈၀ ကျော် သုံးစွဲရန်လည်း စစ်ကောင်စီက သတ်မှတ်ခဲ့သည်။

“သူတို့တပ်တွင်း တိုးချဲ့ ဖွဲ့စည်းဖို့နဲ့ လက်ရှိတိုက်ခိုက်ရေး အသုံးစားရိတ်အတွက်လို့ နားလည်ပါတယ်။ နုဂျီ၊ ပအဖ၊ ပီဒီအက်ဖ်တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး သူတို့လုပ်နေကြ clearance operations ကို ပိုလုပ်မယ် မြင်ပါတယ်။ လူတွေ ပူးပေါင်းမှု လျော့သွားအောင် မနေ့က ဖြစ်စဉ်မျိုးတွေ ထပ်လုပ်အုံးမယ် ထင်ပါတယ်” ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုသည်။

စစ်ကောင်စီသည် ပြည်သူ့ဘဏ္ဍာသုံး၍ ပြည်သူလူထုပေါ် ပိုမိုအကြမ်းဖက်လာမည်ဟု မြင်မိပြီး ထမင်းကျွေးသည့်လက်ကို ပြန်ကိုက်သော တိရိစ္ဆာန်လိုဖြစ်ကာ ပုလ္လင်ပေါ် တိရိစ္ဆာန်တက်‌ထိုင်နေသရွေ့ တိုင်း ပြည်ဘဏ္ဍာများကိုလည်း သွန်လိုသွန်၊ မှောက်လိုမှောက်ဖြင့် သုံးချင်သလို သုံးစွဲနေဦးမည်ဖြစ်ကြောင်း၊ ထိုတိရိစ္ဆာန်ကို ပုလ္လင်ပေါ်မှ မြန်မြန်မောင်းချနိုင်ရန် အားလုံးကိုယ်စီ အသိရှိရှိနှင့် နွေဦးတော်လှန်ရေး တွင် ပါဝင်ကြရန်လိုသည်ဟု CDM ဗိုလ်ကြီး ဗစ်တာက ပြောသည်။

#စစ်ကောင်စီတပ် #စစ်သုံးစရိတ်တိုးမြှင့် #Ayeyarwaddy_Times