ဧရာ၀တီတိုင်းမ်သတင်းအဖွဲ့
ဧပြီလ ၁၃ ရက်

“မြေယာတွေလည်း သိမ်းထားတယ်×××တစ်စက်မှမထိနဲ့ တစ်ချက်မှမငြိနဲ့၊ သစ်တော တွေနဲ့ကျောက်မျက်တွေပြုတ်×××ကောင်းတာမှန်သမျှ အကုန်သာခိုးထုတ်၊ တိုင်းပြည် တစ်ခုလုံးရောင်းဖို့ကြံ×××အမွေဆိုင်အိမ်များမှတ်နေလားဟ၊ ဘယ်သူသေသေငတေမာ ×××သာနေကြတာဗိုလ်ချုပ်ဟောင်းများ ၊ စနစ်ယုတ်ကိုအမြစ်ဖြုတ်×××စစ်ဗိုလ်ချုပ်တွေ တောထုတ်တောထုတ်”

အခုသံချပ် စာသားတွေဟာ ၂၀၁၉ ခုနှစ် သင်္ကြန်အတက်နေ့က မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့မှာ သံချပ်ထိုးခဲ့တဲ့ “အိုးဝေသံ” သံချပ်အဖွဲ့ရဲ့ ဖျော်ဖြေမှုပါ။

သင်္ကြန်နဲ့ သံချပ်ဟာ ခွဲမရသလို သံချပ်ကဗျာဆိုတာ နိုင်ငံအတွက် ပြုပြင်စရာကိစ္စတွေ ၊ လိုအပ်ချက်တွေ ကို အများပြည်သူရှေ့မှာ ဟာသဥဏ်နဲ့ သရော် ချပြရတဲ့ အရာ တစ်ခုပါ။

ကိုမင်းသွေးသစ် ဦးဆောင်ပြီး “၂၀၁၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ “အိုးဝေသံ” သံချပ် အဖွဲ့ဟာ နှစ်ကူးသင်္ကြန်တိုင်းမှာ အမှန်တရားတွေကို သံချပ်စာသားအဖြစ် ပြောင်းလဲခဲ့တဲ့ အတွက် လူထုနဲ့ မစိမ်းလှသလို အမှတ်တရတွေ လည်း အများအပြား ရှိနေခဲ့ပါတယ်။

“အရင်နှစ်တွေတုန်းက သင်္ကြန်ရောက်ပြီဆိုရင် ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိတယ်။ အခုတော့ ဒီတော်လှန်ရေးမတိုင်ခင် ကိုဗစ်စဖြစ်တဲ့ နှစ်ကစပြီး တစ်လျှောက်လုံးပေါ့။ ဝမ်းနည်းတဲ့စိတ်ပဲ ခံစားရတယ်” လို့ “အိုးဝေသံ” သံချပ်အဖွဲ့ခေါင်းဆောင် ကိုမင်းသွေးသစ် ကဆိုပါတယ်။

အိမ်နဲ့ဝေးကွာနေတဲ့ သင်္ကြန်ကာလကို ဖြတ်သန်းရမယ့် ကိုမင်းသွေးသစ်က မြန်မာ ပြည်သူတွေ အားလုံးတော်လှန်ရေးအောင်ပွဲနှင့်အတူ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဖြတ်သန်းရမယ့်နှစ် အမြန်ဆုံးရောက်ရှိစေဖို့ ဆုတောင်းနေတယ်လို့ ဆိုပါတယ်။

ဧပြီလရောက်ပြီဆိုရင် သင်္ကြန်ပွဲတော်ရဲ့ နေ့ရက်တွေကို ကြိုတင်ပြင်ဆင်မှုတွေနဲ့ ရင်ခုန်စွာ စောင့်မျှော်နေကြတဲ့ မြန်မာပြည်သူတွေဟာ စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း ပြန်လည်ကျင်းပလာတဲ့ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲကို နှစ်လိုဟန် မပြခဲ့ကြပါဘူး။

စစ်တပ်ဟာ အာဏာသိမ်းယူပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လလယ်ကစလို့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ လူငယ်တွေကို သေနတ်အစစ်၊ ကျည်အစစ်တွေသုံးပြီး အပြင်းအထန် နှိပ်ကွပ် သတ်ဖြတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီကြောင့် လူငယ်အများအပြားဟာ အိမ်နဲ့ဝေးကွာရာနေရာတွေ မှာ အခြေချနေထိုင်ရင်း ပြည်သူကိုသတ်ဖြတ်တဲ့ စစ်တပ်ကို ပြန်လည်ခုခံတော်လှန်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။

“သင်္ကြန်ရောက်လာပြီဆိုတော့ ရင်ထဲဘယ်လိုပြောရမလဲ၊ လွမ်းတာပေါ့။ အမေနဲ့ အိမ်ကို။ ကိုယ်ချစ်မြတ်နိုးခဲ့ရတဲ့ အရာတွေကို စွန့်လွှတ်ပြီးတော့ ဒီတောထဲကို လာခဲ့တာလေ။ လွမ်းတာတော့ လွမ်းတယ်။ ဒါပေမယ့် နေ့သားကျနေပါပြီ” လို့ လွတ်မြောက် နယ်မြေကိုရောက်ရှိနေတဲ့ အသက် ၂၃ နှစ်အရွယ် PDF ရဲဘော် လူငယ်တစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက်နည်းသုံးပြီးတဲ့အခါမှာတော့ ၎င်းတို့ရဲ့ အဓမ္မ အာဏာသိမ်းမှုအပေါ် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေ၊ ဆရာ၊ဆရာမတွေ ၊ မီးရထားဝန်ထမ်းတွေ နဲ့ အခြား ဌာနဆိုင်ရာ အသီသီးက CDM ဝန်ထမ်းတွေကို ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်လာပါတယ်။

CDM ဝန်ထမ်းတွေဟာ ဓမ္မ နဲ့ အဓမ္မ ကြား ၊ တရားမှုနဲ့ မတရားမှုကြား၊ ပြည်သူနဲ့ ပြည်သူမဟုတ်တဲ့ သူတွေကြားမှာ ဘယ်ဘက်ကနေ ရပ်တည်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုချပြီး ရွေးချယ်ခဲ့တာပါ။ စစ်ကောာင်စီရဲ့ ပုဒ်မ အမျိုးမျိုးတပ် ဖမ်းဆီးမှုတွေကြောင့် CDM ဝန်ထမ်းတွေဟာ စစ်မိစ္ဆာတွေရှိတဲ့ အရပ်ကိုကျောခိုင်းပြီး လွတ်မြောက်နယ်မြေနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွာခဲ့ရပါတယ်။

” အခုကတော့ ငိုပဲငိုချင်နေတယ်။ သင်္ကြန်အကြောင်းတွေတွေးမိရင် စိတ်ထဲတမ်းတမ်း တတနဲ့လွမ်းတယ်။ အိမ်နဲ့ဝေးနေ ရတဲ့သင်္ကြန်ဆိုတော့ ပိုပြီးခံစားရတယ်။ အရင်ကလို သူငယ်ချင်းတွေနဲ့ မဏ္ဍပ်တွေ ဆောက်ပြီး ပျော်ပျော်ပါးပါးလည်တာတွေ လုပ်ချင်တယ်။ ကိုဗစ်ကာလမှာလည်း သင်္ကြန်မလုပ်ရလို့ အားခဲထားတာ။ စစ်တပ်က အာဏာသိမ်းသွား တယ်” လို့ ထိုင်းနိုင်ငံက မြို့တစ်မြို့မှာ ရောက်နေတဲ့ CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ရောက်တိုင်း နေရာဒေသမတူတဲ့ ရိုးရာဓလေ့ အမှတ်တရ များက ရှိနေဆဲဖြစ်သလို မွန်ပြည်နယ်ရဲ့ သင်္ကြန်ပွဲတော်ကတော့ အခြားဒေသတွေနဲ့ မတူဘဲ အနည်းငယ် ကွဲပြားလို့နေပါတယ်။ နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက် လေ့ရှိပြီး ထိုနေ့ဆိုလျှင် ညဦးပိုင်း အချိန်အထိ ရေပက်သူ၊ ရေပက်ခံထွက်သူများနဲ့ အစည်ကားဆုံး ဖြစ်ပါတယ်။

လူတိုင်း အပူအပင်ကင်းကင်းနဲ့ပျော်နိုင်ပြီး ညအချိန်ရောက်လျှင် သင်္ကြန်မဏ္ဍပ်များမှ နိုင်ငံကျော်အဆိုတော်များရဲ့သီဆိုဖျော်ဖြေမှုများကို လိုက်လံကြည့်ရှုကြသည်မှာလည်း မော်လမြိုင်သင်္ကြန်ရဲ့ အမှတ်တရတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

“မနှစ်ကဆို စစ်ကောင်စီက မဏ္ဍပ်တွေဆောက်ပြီး သင်္ကြန်ကို မစည် စည်အောင် လုပ်ပေမယ့် အများစုက ရေလည်ခံမထွက်ကြတော့ဘူး။ ခြောက်ခြောက် ကပ်ကပ်ကြီး။ လူငယ်တယောက်အနေနဲ့ သင်္ကြန်ကာလကို အရင်လို ပျော်ပျော်ပါးပါး ဖြတ်သန်း ချင်ပေမယ့် ကိုယ့်လိုရွယ်တူတွေ အသက်ပေး ကိုယ်ကျိုးစွန့်နေတဲ့အချိန်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာ မပျော်ချင်ဘူး” ဟု မော်လမြိုင်မြို့က လူငယ် တစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာမသိမ်းခင်က နယ်မြို့များတွင် သင်္ကြန်၏ပုံရိပ်အဖြစ် အုန်းလက်မဏ္ဍပ် အများအပြားကို မြင်တွေ့နေရပြီဖြစ်သလို သင်္ကြန်တွင်း ရေပက်ခံရင်း စတုဒီသာ ကျွေးသည့်နေရာများတွင် ပျော်ရွှင်စွာဖြင့် ဝင်ရောက်စားသုံးတတ်တဲ့ သင်္ကြန်ရဲ့ ပုံရိပ်တွေ ကို မီးလောင်ပြင်အဖြစ် စစ်ကောင်စီတပ်က ပုံဖော်ခဲ့ပြီ ဖြစ်ပါတယ်။

” သင်္ကြန်ဆိုတာ ကျွန်တော်တို့ ကလေးဘဝကတည်းက ပါဝင်ဆင်နွှဲလာတဲ့နှစ်သစ်ကူးပါ။ သင်္ကြန်အတွက် ပျော်ဖို့ ပြင်ဆင်တယ်။ ပိုက်ဆံစုတယ်။ ဒီအချိန်ရောက်ရင် သင်္ကြန်သီချင်း တွေကြားရင် အရင်ကာလတွေကို ပြန်သတိရတယ်။ ကျွန်တော်တို့ အောင်မြင်မှုတွေနဲ့ ပန်းတိုင်ရောက်ပြီး သင်္ကြန်ကို ဆင်နွှဲဖို့အခွင့်အရေးရှိခဲ့သေးမယ်ဆိုရင် အပီအပြင် ပျော်မယ်လို့ တွေးထားတယ်။ အရမ်းကို ပျော်ဖို့ကောင်းမယ်ထင်တယ်” ဟု စစ်ကောင်စီကို တော်လှန်ဖို့အတွက် ဒေသကို စွန့်ခွာခဲ့တဲ့ တနင်္သာရီမြို့နယ်က PDF လူငယ်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ “သင်္ကြန်” ကို အပျော်ရွှင်ရဆုံးပွဲတော်အဖြစ် သတ်မှတ်လေ့ရှိပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေဟာ ရက်ရှည်ရုံးပိတ်ရက်တွေရလို့ ဇာတိမြေကို ပြန်တာ၊ မိသားစုလိုက် စိတ်လက်ပေါ့ပါးစွာဖြင့် ခရီးထွက်တာတွေကို ပြုလုပ်လေ့ရှိပါတယ်။

နိုင်ငံသား အားလုံးက အညာမြေ ၊ အညာသူ ၊ အညာသား လို့ ချစ်စနိုးခေါ်လေ့ရှိတဲ့ စစ်ကိုင်း ၊ မကွေး မှာ နေထိုင်သူအများစုဟာ သင်္ကြန်ရောက်တိုင်း သူတို့ ဇာတိမြေကို ရောက်အောင် ပြန်လေ့ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ် လုပ်ကိုင် နေသူတွေပင် ဖြစ်လင့်ကစား သူတို့ရဲ့ ဇာတိမြေကို မရောက်ရောက်အောင် ပြန်လာလေ့ ရှိပါတယ်။

အခုလို သင်္ကြန်တွင်း အိမ်ပြန်ဖို့ စိုင်းပြင်းနေကြသူတွေထဲမှာ အညာသား ကိုစည်သူညို တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

“အိမ်ကိုပြန်ချင်တယ်။ မနှစ်ကသင်္ကြန်အထိ အိမ်ပြန်သေးတယ်။ သင်္ကြန်ပြန်မယ်ဆိုပြီး အမေ့အတွက် လက်ဆောင်တွေ၀ယ်ထားတာ။ ခုတော့ ရွာလည်းမရှိတော့ဘူး။ အိမ်လည်းမရှိတော့ဘူး။ ပြန်စရာလည်း မရှိတော့ဘူး။ မိဘတွေနဲ့လည်း အဆက် အသွယ်မရဘူး “လို့ ကိုစည်သူညိုက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ စစ်ကိုင်းတိုင်းက တာတိုင်ကျေးရွာ အပါအဝင် နေအိမ်ပေါင်း ၅၀,၀၀၀ နီးပါးကို စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးခဲ့ပြီးပါပြီ။ မကွေးတိုင်းမှာဆိုရင် အိမ်ပေါင်း ၉,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့တာပါ။

အညာဒေသ စစ်ကိုင်းနဲ့ မကွေး နှစ်ခုပေါင်း မီးရှို့ခံရတဲ့ အရေအတွက်ဟာ ချင်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ အိမ်ခြေအရေအတွက်နဲ့ မကွာလှ တာမို့ ပြည်နယ်တစ်ခု မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုနိုင်ပါတယ်။

ဟုတ်ပါတယ်။ သင်္ကြန်ကာလအတွင်း စစ်ကိုင်းတိုင်း ၊ တာတိုင်ကျေး ရွာကိုပြန်မယ့် ကိုစည်သူညိုလိုပဲ စစ်ကိုင်း၊ မကွေး အညာဒေသကိုပြန်မယ့် အညာသား တော်တော် များများရဲ့ အိမ်တွေဟာ ရှိမနေတော့တာမို့ သူတို့တွေကို အိမ်ဝေး နိုင်ငံသားများလို့ ဆိုနိုင်ပါတယ်။