ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်
တနင်္သာရီတိုင်းအတွင်း မတ်လ၌ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံအုပ်စုများကြောင့် သေဆုံးခဲ့ရသူ ၁၂ ဦးအထိရှိခဲ့ပြီး ဒလန်ရှင်းလင်းမှုအပါအဝင် အမည်မသိလက်နက်ကိုင်များကြောင့် သေဆုံးခဲ့သည့် အရပ်သားမှာ ၁၄ ဦးအထိရှိခဲ့ကြောင်း FE5 Tanintharyi မှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံတပ်များကြောင့် သေဆုံးရသူအများစုမှ လောင်းလုံးမြို့နယ်မှဖြစ်ပြီး
စစ်ကောင်စီတပ်မှ လောင်းလုံးနယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်လာချိန်တွင် ဒေသခံအမျိုးသား ၅ ဦးအားတစ်ပြိုင်နက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်ချုပ်ရေးဒေသဖြစ်သည့် တနင်္သာရီမြို့နယ်အတွင်းတွင် ပြည်သူ ၃ ဦးသေဆုံးခဲ့ရပြီး ဒုတိယအများဆုံးဖြစ်သည်။
” တနင်္သာရီမြို့နယ်မှာတော့ လက်နက်ကြီးထိပြီးဒေသခံတွေသေဆုံးတာလည်းရှိတယ်။ လယ်သစ်ရွာက အသက် ၈နှစ်အရွယ် ခလေးဆို အလှူမှာသေသွားတာလို့သိရတယ် လက်နက်ကြီးထိပြီးတော့။ အဲ့နေ့တုန်းကတော်တော်များများလက်နက်ကြီးထိသွားတယ်။ စစ်ဆေးရေးဂိတ်မှာပစ်သတ်ခံရတဲ့ ညီအကို ၂ ယောက်မှာလည်း ညီက ကိုးတန်းကျောင်းသားပဲရှိသေးတယ်လို့သိရတယ်။ မထင်ရင် မထင်သလိုသတ်နေတာပါ” ဟု တနင်္သာရီဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အရပ်သားသေဆုံးမှုများတွင် စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့်အရပ်သားများအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီသတင်းပေး ရှင်းလင်းမှုများတွင် ၃ ဦးသေဆုံးခဲ့ပြီး အမည်မသိလက်နက်ကိုင်များကြောင့် သေဆုံးခဲ့သူ ၁၁ ဦးအထိရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အမည်မသိလက်နက်ကိုင်တွေဆိုတာက အာဏာရှင်တော်လှန်ဖို့ဗန်းပြပြီး မူးယစ်ဆေးဝါးနဲ့ဆက်နွယ်ပြီး လက်နက်ကိုင်တာတွေရှိတယ်။ ပြည်သူတွေကို အပြစ်မရှိပဲ ဒုက္ခပေးလာခဲ့ရင်တော့ ပြတ်ပြတ်သားသားချေးမှုန်းသင့်တယ်လို့ထင်တယ်။ လက်နက်ကိုင်ပြီး ပြည်သူကို ဒုက္ခပေးရင်တော့ ဘယ်အဖွဲ့ဖြစ်ဖြစ် ပြည်သူ့ကာကွယ်ရေးလို့ခေါင်းစဥ်တပ်လို့ မရတော့ဘူး”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဆိုသည်။
ထို့အပြင် တနင်္သာရီတိုင်းအတွင်း မတ်လတစ်လလုံး တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးခဲ့ရပြီး အာဏာသိမ်းပြီး ကာလတစ်လျှောက် တစ်လအတွင်း အများဆုံးသေဆုံးခဲ့ရသည့် ပမာဏဖြစ်သည်ဟုလည်း FE5 Tanintharyiမှ ထုတ်ပြန်ချက်အရ သိရသည်။