ဧရာဝတီတိုင်းမ်
(ရေး)၊ ဧပြီလ ၁၃ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ ပြည်သူ့စစ်များအား ဧပြီလ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီဝန်းကျင်တွင် Ye Guerrilla Force မှ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဒေသခံများအားဖိနှိပ်နေသည့် ပြည်သူ့စစ်များရှိရာ ဇီးဖြူသောင်အုပ်ချုပ်ရေးမှူးရုံးအား YGF မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပြည်သူ့စစ် ၂ ဦးသေဆုံးခဲ့ပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ပြီး အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ရကြောင်း သိရသည်။
“ပြည်သူ့စစ်တွေက အဲဒီရုံးမှာနေတာ တခြားပြည်သူစစ်လည်းရှိတယ်။ ကျွန်တော်တို့ပစ်ခတ်ပြီးနောက် ကျန်တဲ့ပြည်သူ့စစ်တွေက ထွက်ပြေးသွားတယ်။” ဟု YGF တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့်ပြည်သူ့စစ် ၂ ဦးကြားတွင်ရှိနေသည့် အရပ်သားဖြစ်သူ မောင်ငြိမ်းခန့်ကျော်မှာ ကျည်ထိမှန်သေဆုံးခဲ့သည့်အတွက် YGFအဖွဲ့မှ အနူးအညွန်တောင်းပန်ကြောင်းနှင့် ပြည်သူများအနေနှင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးရာတွင်နေထိုင်ပေးကြရန်လည်း ပြောထားသည်။
“ဒီမစ်ရှင်မှာ ပြည်သူကောင်လေးတစ်ယောက်
ထိမိတဲ့အတွက် ကျွန်တော် တို့ YGF အဖွဲ့မှအနူးအညွှတ် တောင်းပန်ပါတယ်။ ကောင်လေးက
ပြည်သူ့စစ် ၂ ဦးနဲ့အတူတူထိုင်နေတာပါ။ တစ်ခုခုမှားသွားပြီး ပြည်သူတွေထိသွားရင် ကျွန်တော်တို့လဲ အများကြီးရင်ကျိုးရပါတယ်။” ဟု YGFမှ ဗိုလ်ကျန်ရစ်က ပြောသည်။
ရေးတွင် ဧပြီလ ၄ ရက်နေ့ကလည်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများအား ရေးဘီလူးအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦးသေဆုံးပြီး တစ်ဦးအားအရှင်ဖမ်းဆီးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။