ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်နဲ့ အပေါင်းပါတွေကို မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ အခွင့်အရေး ရရင် ရသလိုတိုက်ခိုက်သွားမယ့်လို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုသိမ်မြို့၊ ကမ်းနားလမ်းမှာ စစ်ကောင်စီတပ်က ပြုလုပ်မယ့် လမ်းလျှောက်သင်္ကြန်ကိုလည်း ပြည်သူတွေနဲ့ ပူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့လည်း မေတ္တာရပ်ခံချင်တယ်လို့ ဆိုပါတယ်။

“ အကိုတို့အနေနဲ့ကတော့ သင်္ကြန်ကာလမှမဟုတ်ဘူး ဝမ်းရီးယားပလန်မှာ စစ်ကောင်စီရဲ့ ပွဲလမ်းသဘင်ဖြစ် ဖြစ်၊ လုံခြုံရေးဂိတ်ဖြစ်ဖြစ် အခွင့်အရေးရရင် တိုက်ခိုက်သွားဖို့ရှိတယ်”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းကို ပြောပါတယ်။

တိုက်ခိုက်တဲ့နေရာမှာလည်း ပြည်သူတွေကို ထိခိုက်တာမျိုး မရှိစေချင်တာကြောင့် ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ အသိပေးတာတွေကို လိုက်နာပေးဖို့ မေတ္တာရပ်ခံလိုတယ် လို့ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း သင်္ကြန်ကာလမှာ မိမိနေအိမ်မှာ မိသားစုဝင်တွေနဲ့ နေထိုင်ရင်း သင်္ကြန်ကို မင်္ဂလာ ရှိစွာဖြတ်သန်းဖို့ ပြောချင်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

#ပုသိမ်မြို့ #မြို့ပြပြောက်ကျားတပ်ဖွဲ့ #လမ်းလျှောက်သင်္ကြန် #Ayeyarwaddy_Times