ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ ဧပြီလ ၁၂ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအုပ်စုရှိ အလူးလေးကျေးရွာတွင် ယနေ့ဧပြီလ ၁၂ ရက် နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဒေသခံများ၏ နေအိမ် သုံး လုံးကိုမီးတင်ရှို့ခဲ့ကြောင်း သိရသည်။
အလူးလေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်ဖွဲ့တို့ နာရီဝက်ဝန်းကျင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောကြားသည်။
” ဒီနေ့နံနက်ပိုင်းက စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင်ကို ဖြိုချဖျက်ဆီးခဲ့ပြီးနောက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲပြီးလို့ စစ်ကောင်စီကနယ်မြေရှင်းလင်းရေး လုပ်တာတွေ ရှိတယ်။ အဲ့ဒီအခါကျရင် အိမ်တစ်အိမ်မှာ လူတစ်ယောက်ရှိရမယ်။ မရှိတဲ့ အိမ်တွေမီးရှို့ဖျက်ဆီးမယ်လို့ စစ်တပ်က ပြောသွားတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် အလူးလေးရွာလယ်ရှိ ဒေသခံသုံး ဦး၏ နေအိမ် သုံး လုံးအားမီးတင်ရှို့ခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့မှုကြောင့် အလူးလေးအရှေ့ရွာမှ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘီးလင်းတွင် ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့က မဲလံBGF စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ရာ BGF အရာရှိ နှစ် ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
#မွန်ပြည်နယ် #ဘီးလင်း #အလူးလေးရွာ #တိုက်ပွဲ #စစ်ကောင်စီတပ်သား၄ဦးသေ #နေအိမ်မီးတင်ရှို့ #KNLA #Ayeyarwaddy_Times