ဧရာ၀တီတိုင်းမ်သတင်းအဖွဲ့
ဧပြီလ ၁၂ ရက်

သင်္ကြန်ဆိုတာ မြန်မာနိုင်ငံသားအားလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှု ပွဲတော်ဖြစ်တာကြောင့် သင်္ကြန်ပွဲတော်အပေါ်မှာ နိုင်ငံသားတွေရဲ့ စိတ်ဝိဉာဉ် နဲ့ ခံစားမှုက အမြဲတစေ တည်ရှိ နေပြီး ဖျောက်ပစ်လို့ မရနိုင်တဲ့ အရာတစ်ခုလို ဆိုနိုင်ပါတယ်။

ဘယ်အစိုးရတက်တက် ပျောက်ကွယ်မသွားဘဲ နိုင်ငံသားတွေ ဆင်နွှဲမြဲဖြစ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ဟာ အာဏာသိမ်း စစ်ကောင်စီကြောင့် လူငယ်တွေရဲ့ ဘ၀တွေ၊ ပျော်ရွှင်ခံစားမှုတွေ၊ သင်္ကြန်နဲ့ ဆိုင်တဲ့ အနုပညာ၊ ဂီတ၊ ရသ၊ စာပေ ယဉ်ကျေးမှုစတဲ့ အရာရာ အားလုံး ပျောက်ဆုံးခဲ့ရပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

စစ်ကောင်စီက ရိုးရာသင်္ကြန်ပွဲတော်ကို ပြယုဂ်တစ်ခုအနေနဲ့ ဇွတ်တရွတ်ကျင်းပ၊ ဇွတ်တရွတ်စီစဉ်ကာ ဇွတ်တရွတ်အာဏာနဲ့ စည်ကားအောင် လုပ်ဆောင်နေပေမယ့် အေးမြစေတဲ့ သင်္ကြန်မဟုတ်ဘဲ မီးစတွေနဲ့ သင်္ကြန်အဖြစ်သာ ပြည်သူတွေရဲ့ရင်ထဲ ထင်ကျန်နေတာပါ။

“သင်္ကြန်မှာ ကလေးကစားစရာတွေကို ၀ယ်မယ့်သူ သိပ်မရှိတော့တာရယ်၊ စျေးတက် တာရယ်ကြောင့် သင်္ကြန်ပစ္စည်းတွေ မရောင်းတော့ဘူး။ ဒီအတိုင်းကို ကျော်ဖြတ်ခဲ့တာ သုံးလေးနှစ်ရှိပြီ။ သင်္ကြန်ကိုလည်း စိတ်ဝင်စားမှု မရှိတော့ပါဘူး။ စစ်ကောင်စီလက်ထက် ကလေးတွေဟာသနားစရာပါ”လို့ ရန်ကုန်မြို့လယ်ကောင်မှာ ဖွင့်ထားတဲ့ စတိုး ဆိုင်ပိုင်ရှင် တစ်ဦးက ဧရာ၀တီတိုင်းမ် ပြောပါတယ်။

ရေပုံး၊ ရေခွက်၊ ရေပြွတ်၊ ရေသေနတ် စတာတွေနဲ့ သင်္ကြန်ကာလမှာ ကလေး ငယ်တွေကို ရောင်းချဖို့အတွက် ပြင်ဆင်ထားတတ်ကြတဲ့ သင်္ကြန်ပစ္စည်းမျိုးစုံဟာ စစ်ကောင်စီကြောင့် စျေးကွက်ကနေ ပျောက်ဆုံးခဲ့ရပါပြီ။

စစ်ကောင်စီဟာ အခြေခံပညာကျောင်းသားအရွယ် ကလေးငယ်တွေအတွက် ရေပြွတ်တွေ ရေသေနတ်တွေ အစားလေယာဉ်ပျံပေါ်ကနေ ဗုံးတွေကြဲချ၊ အမြောက်တွေနဲ့ ကျည်ဆံတွေကိုသာ လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။

ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ်တိုင်ဗုံးကြဲခဲ့ခြင်းဖြင့် ကလေးငယ် ၁၈ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် လူ ၁၀၀ ကျော်ကို သေဆုံးစေခဲ့ပါတယ်။

ဒါဟာ စစ်ကောင်စီက ပြည်သူတွေအပေါ် ပေးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် သင်္ကြန် လက်ဆောင်တစ်ခုလို့ ဆိုနိုင်သလို ကလေးငယ်တွေအတွက် စစ်တပ်ကပေးတဲ့ သင်္ကြန် ဝေစု တစ်ခုပဲ ဖြစ်ပါတယ်။

သင်္ကြန်ဆိုတာ ဆယ်ကျော်သက် လူငယ်တွေအတွက်လည်း ရင်ခုန်သံ မြန်စေတဲ့ ပွဲတော်တစ်ခု၊ မြူးဖို့ ကဲဖို့ အမြဲ အိပ်မက်မက်ခဲ့ကြတဲ့ကာလတစ်ခု ဖြစ်တာမို့ လိုအပ်တဲ့ အရာတွေ ဝယ်ယူရင်း သူ့ထက်ငါ အပြိုင်လှဖို့ ပြင်ဆင်ကြတဲ့ ကာလလည်းဖြစ်ပါတယ်။

“ဒီနှစ်သင်္ကြန်ကတော့ ပျော်ဖို့စိတ်ကူးလည်းမရှိဘူး။ ပျော်ကိုပျော်မနေတာ။ အရင်ကဆို သင်္ကြန်ရောက်ရင် ဘာတွေလုပ်မယ်၊ ဘယ်လို၀တ်စားပြီး အပြင်ထွက် လည်မယ်ဆိုတဲ့ စိတ်ကူးနဲ့တင် ပျော်နေရတဲ့ကာလတွေပါ။ အခုက အဲဒီလိုမျိုး စိတ်လည်း မရှိဘူး။ ရိုးရိုးသာမန်လ တစ်ခုလိုပဲ။ ဘယ်လိုမှပျော်လို့မရတဲ့ သင်္ကြန်ပါပဲ”လို့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် လူရွယ်တစ်ဦးက ဆိုပါတယ်။

သင်္ကြန်ပွဲတော်ဆိုတာ လူကြီး၊ လူငယ်အားလုံး စိတ်အ၀င်စားဆုံးနဲ့ အမှတ်တရ အရှိဆုံး ပွဲတော်ဖြစ်ပြီး လူတော်တော်များများရဲ့ ငယ်ဘ၀အမှတ်တရတွေမှာ သင်္ကြန် ရက်စွဲတွေ ပါဝင်နေပါတယ်။

လူကြီး၊ လူငယ်အကုန် အမျှော်လင့်ဆုံးနဲ့ အမှတ်တရတွေအများဆုံးအချိန်တွေကတော့ သင်္ကြန်ပါပဲ။ ခရီးထွက်မယ့်သူ၊ ရိပ်သာဝင်မယ့်သူ၊ ဇာတိမြေကိုပြန်ကြမယ့်သူတွေနဲ့ သင်္ကြန်ကာလဟာ လှုပ်လှုပ်ခပ်ခပ် အရှိဆုံး ကာလတွေလို့ ဆိုနိုင်ပါတယ်။

မဏ္ဍပ်ထိုင်မယ် ၊ မဏ္ဍပ်ဆောက်မယ်ဆိုတဲ့ လူငယ်တို့ရဲ့ တစာစာ အသံတွေကို ကြားမနေရတော့သလို သင်္ကြန်အတွက် ရင်ခုန်နေမယ့် လူရွယ် လူငယ်များလည်း မရှိကြတော့ပါဘူး။ ရှိတဲ့ လူငယ် အများစုမှာလည်း တုံဏိဘာဝေ နုတ်ဆိတ် နေပါပြီ။

“သင်္ကြန်ဆိုတာ အရင်လိုမဟုတ်တော့ ကားမဆွဲရတော့ဘူး။ အရင်ကဆို သင်္ကြန်ရက် အကုန်အော်ဒါတွေအပြည့်။ အရင်လို မဏ္ဍပ်တွေရှေ့ သွားကခုန်တာ၊ သင်္ကြန် ရေပတ်ခံထွက်တာမျိုးတွေ ရှိမနေတော့ဘူး။ အိမ်ကသားသမီးတွေကို သနားတယ်။ ပျော်စရာကောင်းတဲ့ သင်္ကြန်ရဲ့ အရသာကိုသူတို့မသိရဘူး။ ဒီနှစ်လည်း ကားဆွဲမှာ မဟုတ်ဘူး”လို့ ရန်ကုန်သင်္ကြန်မှာ ရေပက်ခံကား အငှားလိုက်သူတစ်ဦးက ဆိုပါတယ်။

၂၀၁၉ ခုနှစ် နောက်ပိုင်းကာလများမှာ ကိုဗစ်-၁၉ ကပ်ရောဂါများနဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ နိုင်ငံရေး အခြေအနေများကြောင့် ရန်ကုန်မြို့နေပြည်သူတွေဟာ ရန်ကုန်သင်္ကြန်နဲ့ ဝေးကွာမှန်း မသိဝေးကွာလာပါတယ်။ စည်ကားခဲ့တဲ့ ရန်ကုန်သင်္ကြန် ဆိုဟာ လွမ်းစရာ အတိတ်အဖြစ် ပုံဖော်ရမယ် အခြေအနေဖြစ်လာပါတယ်။

“သင်္ကြန်ဟေ့” ဆိုတာနဲ့ ပါ၀င်ဆင်နွှဲဖို့ တိုက်တွန်းစရာ မလိုတဲ့ သင်္ကြန်ပွဲတော်ကို စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ သင်္ကြန်ပွဲတော်ပြုလုပ်ဖို့နဲ့ ပွဲတော်တွေမှာ ပါဝင်ဖို့ အတင်းအကျပ်ဖိအားပေး ခိုင်းစေရတဲ့ အဖြစ်ကို ရောက်ရှိလာပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေး ခိုင်းစေခြင်း ခံရသူ အများစုကတော့ ၎င်းတို့ဆီကနေ ရုန်းမထွက်နိုင်တဲ့ Non-CDM ဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့ဩဇာခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေပဲ ဖြစ်ပါတယ်။

“ကျွန်တော်တို့ကို လုံခြုံရေးစောင့်ဖို့ပေါ့။ သင်္ကြန်တွင်း မဏ္ဍပ်မှာနေပြီး ကင်းစောင့်ဖို့၊ လူအင်အားပြဖို့ ညွှန်ကြားထားတယ်။ ညွှန်မှူးကတစ်ဆင့် ညွှန်ကြားလာတာပါ။ အချို့ဌာနတွေကိုလည်း ရေပက်ခံထွက်ဖို့ ကားတွေစီစဉ်ပေးမယ်။ ရေပက်ခံထွက် ရမယ်”လို့ ဖိအားပေးခိုင်းစေခံရတဲ့အကြောင်းကို ဗိုလ်တထောင်မြို့နယ်ရှိ သင်္ဘောကျင်း ဌာနက အစိုးရ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အရပ်သား Non-CDM တွေကို သင်္ကြန်ပွဲစည်ကားဖို့ ခိုင်းစေ ညွှန်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် စစ်ကောင်စီတပ်က ၎င်းတို့ရဲ့ တပ်မိသားစု ၀င်တွေကို တပ်ပြင်မထွက်ဖို့ အမိန့်ညွှန်ကြားချက်တွေ အထပ်ထပ် ထုတ်ထားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“တပ်ထဲကလူတွေ တပ်တွင်းသင်္ကြန်မှာပဲ ပျော်ရမှာ၊ အပြင်လုံး၀ ထွက်ခွင့်မရှိဘူး။ အပြင်ကလူလည်း တပ်ထဲ အဝင်မခံဘူး။ စားသောက်ဖို့ပစ္စည်းတွေ ကြိုဝယ်ထားတာမျိုး၊ သတ်မှတ်ထားတဲ့ကားနဲ့ ထွက်ဝယ်ဖို့ဆိုတာမျိုး ညွန်ကြားတယ်”လို့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အာဏာရှင်ဆန်ဆန် အတင်းအကျပ် ဖိအားပေးခိုင်းစေ နေပေမယ့် မြန်မာ့ရိုးရာသင်္ကြန်ဟာ လူထုပါဝင်လိုခြင်း မရှိတဲ့ အာဏာရှင် စစ်ကောင်စီရဲ့ ခြိမ်းခြောက်အာဏာပြ စည်ကားစေမယ့် အာဏာရှင်သင်္ကြန်ဖြစ်လို့နေပါတယ်။

ပြည်သူတွေဟာ စစ်ကောင်စီရဲ့ သင်္ကြန်ကို ပါဝင်ဆင်နွှဲလိုခြင်း မရှိတဲ့အပြင် စစ်ကောင်စီကို တော်လှန်နေတဲ့ မြို့ပြပြောက်ကျား တော်လှန်အဖွဲ့တွေက စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် မနေဖို့ဆိုတဲ့ သတိပေးချက်တွေလည်း ရှိနေပါတယ်။

“တပ်မိသားစု၀င်တွေကို သင်္ကြန်မှာ အပြင်မထွက်ဖို့ တပ်တွင်းသင်္ကြန်ကိုသာ ဆင်နွှဲဖို့ စစ်ကောင်စီက အမိန့်ပေးထားတယ်။ အပြင်လူတွေဘာ‌ဖြစ်ဖြစ်ဆိုတဲ့ သဘောပဲ။ ကျွန်တော်တို့လို ဝန်ထမ်းတွေကို အခုလိုဖိအားပေး စေခိုင်းထားတာက ထိချင်ထိ နင်တို့သာထိပါစေ ဆိုတဲ့သဘောမျိုးပဲ”လို့ Non-CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

မနက်ဖြန်ဆို သင်္ကြန်ကျပါပြီ။ တူးပို့..တူးပို့ တေးသံတွေအစား ပြည်သူကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီရဲ့ လေယာဉ်ပျံ တွေနဲ့ ဗုံးကြဲတိုက်ခိုက်သံတွေကို သင်ကိုယ်တိုင် မဟုတ်ရင်တောင် သင့်မိတ်ဆွေတွေ ဆီက ပြန်လည်ကြားရနိုင်တာမို့ သင်္ကြန်အသံမဟုတ်တဲ့ လေယာဉ်သံတွေကို နားစွင့် ထားစေချင်ပါတယ်။

#အာဏာရှင်သင်္ကြန်၂၀၂၃ #ဆောင်းပါး #ဧရာ၀တီတိုင်းမ်သတင်းအဖွဲ့ #Ayeyarwaddy_Times