ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ အထက်ပိုင်း၌ ခိုလှုံနေကြရသည့် စစ်ဘေးရှောင် ၆၅၀ ကျော်မှာ အကူအညီ အထောက်အပံ့များ မရရှိဘဲ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။
အဆိုပါစစ်ဘေးရှောင် ၆၅၀ ကျော်မှာ တောဖျားချောင်းဒေသရှိ အထက်သင်ပုန်းတန်း၊ ဖားကြွယ်နှင့် ခွေးထီး စစ်ဘေးရှောင် စခန်းတို့မှ ဖြစ်ပြီး ၎င်းတို့မှာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင် စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်များမှာ ယခင်က တောတောင်ထဲသို့သွား၍ သစ်ခုတ် ဝါးခုတ်သည့် အလုပ်ကိုလုပ်ကိုင်ကာ အသက် မွေးဝမ်းကျောင်း ပြုကြပြီး လက်ရှိတွင် သစ်နှင့်ဝါးများ လာရောက်ဝယ်သူလည်း နည်းပါးကာ စားဝတ်နေရေး အခက်အခဲ တွေ့နေကြခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
စစ်ဘေးရှောင် တစ်ဦးက“ကျနော်တို့ဒေသက အရမ်းခေါင်တော့ အလှူရှင်တွေက အရင်ကတည်းက လာတဲ့သူ အရမ်းနည်းတယ်။ ဒါကြောင့် ကျနော်တို့တွေ သစ်တွေ၊ ဝါးတွေခုတ်ရောင်းပြီး ရပ်တည်လာခဲ့တာ။ အခု သစ်ဝါး လာဝယ်တဲ့ သူတွေလည်း အရမ်း နည်းသွားတော့ ငွေကြေး အဆင်မပြေဖြစ်တယ်။ ရောင်းရပြန်တော့လည်း သစ်ရောင်းလို့ရတဲ့ငွေက ကုန်ဈေးနှုန်းနဲ့ မကိုက်ပြန်ဘူး။ အရမ်းကို ကျပ်တည်းပါတယ်”ဟု ပြောပြသည်။
လက်ရှိတွင် တောဖျားချောင်း ဒေသ၌ ပေါ်ဆန်မွှေး ဆန်တအိတ်ကို ၉ သောင်း ကျပ်၊ ကောက်ကြီးဆန် တအိတ်ကို ကျပ် ၇ သောင်း၂ ထောင်အထိ ဈေးမြင့်တက်နေကြောင်းလည်း သိရသည်။
ခွေးထီး စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစိန်မောင်ကလည်း“ကျနော်တို့မှာ အဓိက လိုအပ်ချက်က ဆန်ပါ။ ဆန်တစ်ခု အထောက်အပံ့ရမယ် ဆိုရင် ကျန်တဲ့ စားသောက်ပစ္စည်းတွေ အတွက် ကျနော်တို့ ရုန်းကန်နိုင်ပါသေးတယ်။ အရင်တုန်းကတော့ WFP က ဆန်ပေးခဲ့တော့ ကျပ်တည်းရင်လည်း သိပ်မသိသာဘူး။ အခုက WFP ကလည်း ဆန်မထောက်ပံ့ပေးတော့ အလုပ်လုပ်ပြီး ရလာတဲ့ငွေနဲ့ တခြား ပစ္စည်းတွေ မပြောနဲ့ ဆန်တောင် မဝယ်နိုင်ပါဘူး”ဟု ပြောသည်။
တောဖျားချောင်း ဒေသသည် ပုဏ္ဏားကျွန်းမြို့နှင့်ဝေးကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ကုန်ဈေးနှူန်း များမှာလည်း တခြားနေရာများထက် မြင့်သလို အကူအညီ ပေးတဲ့ အရပ်ဘက် အဖွဲ့အစည်းများလည်း လာရောက်မှု နည်းပါးသည်ဟု ဆိုသည်။
ယင်းကြောင့် စစ်ဘေးရှောင်များမှာ အကူအညီ အထောက်အပံ့များ မရရှိဘဲ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ၍ အလှူရှင်များ အနေဖြင့် လာရောက် ကူညီပေးကြရန်လည်း စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။
အဆိုပါ စစ်ဘေးရှောင် စခန်းများသို့ ပြီးခဲ့သည့် မတ်လ အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များ အသင်း (PDYO) မှ စစ်ဘေးရှောင်များ အတွက် အသုံးအဆောင်ပစ္စည်း တချို့ လာရောက် လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၈ ရခိုင်စစ်ပွဲ ပထမကာလ အတွင်းက ပုဏ္ဏားကျွန်းမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် သဗြုချောင်း၊ ကျောက်စရောင်၊ မောင်နှမ၊ ဖက်ဝန်းချောင်း၊ နတ်သရွေး၊ အဝန်းတောင် စသည့် ကျေးရွာများမှ ဒေသခံများမှာ တောဖျောင်းချောင်း အထက်ပိုင်းသို့ လာရောက် တိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
လက်ရှိ ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်အခတ် ရပ်စဲထားပြီး စစ်ကောင်စီက စစ်ဘေးရှောင် တချို့ကို ငွေကြေးများ ထောက်ပံ့ကာ နေရပ်ပြန်ပို့ပေးနေသော်လည်း တောဖျားချောင်း ဒေသရှိ စစ်ဘေးရှောင်များ အပါအဝင် တခြားသော မြို့နယ်များရှိ စစ်ဘေးရှောင်အများစုမှာ မိုင်းအန္တရာယ်ကို စိုးရိမ်ခြင်း၊ နေအိမ်များ ပျက်စီးသွားခြင်း တို့ကြောင့် နေရပ် မပြန်နိုင်ကြသေးပေ။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသော စစ်ဘေးရှောင်များ အနက် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၉၀၀၀၀ နီးပါး ကျန်ရှိနေသေးကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်အရ သိရသည်။