ဧရာဝတီတိုင်းမ်
(ချင်း)၊ ဧပြီလ ၁၂ ရက်
ချင်း-မီဇိုးရမ်နယ်စပ်တွင် ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က မီဇိုးရမ်ပြည်သူ ၃ ဦးသတ်ဖြတ်ခံထားမှုနှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူဟု သံသယရှိသူကို ချင်းကာကွယ်ရေးတပ်-မင်းတပ်က သက်သေများနှင့်အတူ ဧပြီလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး စစ်ဆေးမှုများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
လူသတ်မှုကျူးလွန်သူဟု ယူဆသူများကို ဖမ်းဆီးနိုင်ရန်အတွက် မီဇိုးရမ်ပြည်နယ်၊ CID၊ ရဲတပ်ဖွဲ့၊ထောက်လှမ်းရေးအဖွဲ့၏ သတင်းပေးပြောကြားချက်နှင့် အမှုမှန်ပေါ်ပေါက်ရေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်-မင်းတပ်မှ သိရသည်။
“တရားခံတွေလို့ ယူဆရသူအချို့ကို ကျွန်တော်တို့ ဖမ်းဆီးပြီး အမှု့တည်ဆောက်နိုင်ဖို့ ပဏာမစစ်ဆေးမှုတွေ လုပ်နေပါတယ်။အရေအတွက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုဖို့ အချိန်မဟုတ်သေးလို့ ပြောဆိုလို့မရသေးဘူး။ လူသတ်မှု့နဲ့ပတ်သက်ပြီး ငွေကြေးကိစ္စ အရှုပ်အရှင်းဖြေရှင်းကြရင်း မပြေလည်ရာကနေ လူသတ်မှု့အထိ ဖြစ်ကုန်တယ်လို့ အကြမ်းဖျင်းသိရပါတယ်”ဟု CDF-မင်းတပ် သတင်း၊ ပြန်ကြားရေးနှင့်မှတ်တမ်းဌာနက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တရားခံဟု ယူဆရသူများကို တရားဥပဒေအရ အရေးယူအပြစ်ပေးနိုင်ဖို့ သက်ဆိုင်ရာ တရားရေးအဖွဲ့အစည်းများ၊ တရားရုံးက အမှုစစ်ဆေးနိုင်ရန်နှင့် ကျူးလွန်သူဘက်ကလည်း ဥပဒေအရ အကျိုးခံစားခွင့်များနှင့်အတူ အမှုဖြစ်စဥ်ကို လွတ်လွတ်လပ်လပ်၊ ဖိအားကင်းကင်းဖြင့် အစစ်ဆေးခံနိုင်သော အခင်းအကျင်းမျိုးကို ဖန်တီးပေးသင့်ကြောင်း သုံးသပ်ပြောဆိုသည်။
တရားခံဟု ယူဆရသူများကို လက်ရဖမ်းဆီးနိုင်ဖို့အတွက် အသတ်ခံရသူမိသားစုဘက်က စွပ်စွဲထားသော လူပုဂ္ဂိုလ်များကို ထုတ်ဖော်ပြောဆိုမှုနှင့် တပြိုင်နက် CDF-Mindat အနေဖြင့် ထိုလူပုဂ္ဂိုလ်များကို ဖမ်းဆီးစစ်ဆေးနိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဆက်လက်ပြောဆိုသည်။
“ပထမဆုံးပြောချင်တာက လူသတ်တရားခံလို့ ယူဆခံရသူတွေဟာအသတ်ခံရသူ မိသားစုဘက်က စွပ်စွဲသလို CDF-Mindat တပ်ဖွဲ့ဝင်သို့ CDF-Mindat မှ တာဝန်ပေးထားသော ကိစ္စရပ်တခုခုကို ထမ်းဆောင်ရင်း အမှု့မှာ ပါဝင်ပတ်သက်တာ(လုံးဝ) မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ ထုတ်ပြန်ကြေငြာပြီးဖြစ်တယ်။ ထပ်ပြီးလည်း အလေးအနက် ပြောချင်တယ်။ မီးဇိုးရမ် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးနဲ့ တော်လှန်ပြည်သူတွေ၊စစ်ရှောင်ပြည်သူတွေကို တတ်အားသမျှ ကူညီပေးနေတာ အသိအမှတ်ပြုကျေးဇူးတင်သလို ဆက်လက်ပြီး ကူညီထောက်ခံကူညီပေးကြဖို့ မေတ္တာ ရပ်ခံလိုပါတယ်”လို့ ၎င်းက ပြောသည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ရေး၊ တော်လှန်ရေးသမိုင်းကြီးတွင် မီးဇိုရမ်ပြည်နယ်အစိုးရနှင့် မီဇိုရမ်ပြည်သူပြည်သားများကို ချင်းကာကွယ်ရေးတပ်-မင်းတပ်က ထာဝရမှတ်တမ်းတင်ဂုဏ်ပြုသွားမည်ဟု အလေးအနက်ပြောဆိုခဲ့သည်။
ချင်းပြည်သူများနှင့် ချင်းတောင်အခြေပြု တော်လှန်ရေးအဖွဲ့များ၊ အထူးသဖြင့် စစ်ကိုင်း၊ မကွေးဘက်က တော်လှန်ပြည်သူများ၏ တော်လှန်ရေးအတွက် ဆက်စပ်ပစ္စည်းများ၊ရိက္ခာနှင့် ကျန်းမာရေးအတွက် ဆေးဝါးကုသမှုများပြုလုပ်ရာတွင် မီဇိုရမ်ပြည်နယ်ကို အားကိုးအားထားပြုနေရပြီး
ထိုအခွင့်အရေးကို အကြောင်းပြုကာ မသမာသူလူတစ်တစု(မီဇိုရမ်ပြည်နယ်ဒေသခံ)များက အခွင့်ကောင်းယူ၍ ငွေကြေးလိမ်လည်မှုများကို ကူညီဖြေရှင်းပေးကြရန် အထူးမေတ္တာရပ်ခံတိုက်တွန်းလိုကြောင်းCDF-မင်းတပ်က ပြောကြားခဲ့သည်။
#ချင်းပြည်နယ် #မီဇိုးရမ်ပြည်နယ် #ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် #နယ်စပ်ဒေသ #လူသုံးဦးအသတ်ခံရ #လူသတ်မှုကျူးလွန်သူ
#Ayeyarwaddy_Times