ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၁၂ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့မှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း ၁၈ ဦးသေဆုံးခဲ့တယ်လို့ ယနေ့တွင်သတင်ထုတ်ပြန်သည်။
ဧပြီလ ၇ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်မှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး စစ်ကောင်စီက လေကြောင်းဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက်ကာ ချင်းကာကွယ်ရေးတပ်-မင်းတပ်ဘက်မှ ရဲဘော်တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြေပြင်စစ်ကြောင်းအားနည်းလာလို့ လေတပ်ကို အထူးအားကိုးနေရပြီ။ စစ်ကောင်စီရဲ့ နောက်ဆုံးတိုက်စစ်အဖြစ် လေကြောင်းကို အသုံးပြုနေရပြီထင်တယ်ဗျ”လို့ CDF-မင်းတပ် သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မင်းတပ်မြို့နယ်အနီး ၉ မိုင်ဘက်တွင် ဧပြီလ ၁၀ ရက်နေ့က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ဒေသကာကွယ်ရေးဘက်က အထိအခိုက်မရှိဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ဒါ့ပြင် မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၁ ကျေးရွာအနီးနှင့် ကျေးရွာများထဲတွင် ယမန်နေ့၊ ၇ နာရီကျော်အချိန်က ဂျက်လေယာဉ် ၂ စီးဖြင့် စစ်ကောင်စီက ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၁ လုံးပျက်စီးသွားကြောင်းသိရသည်။
“သူတို့စိုးမိုးပါတယ်ဆိုတဲ့ မင်းတပ်မြို့ပေါ် ၄ ရပ်ကွက်တောင် မအုပ်ချုပ်နိုင်ဘူး။ မြို့ထဲကိုတောင် လုံခြုံရေးစစ်ကြောင်းပုံစံနဲ့ပဲ ပတ်ကင်းသဘောမျိုးလှည့်နေကြတာ။ ကျန်တာက ရုံး၊ ကျောင်း၊ ဂိတ်တစ်ချို့နဲ့ ဗျူဟာကုန်းထိပ်တွေမှာပဲ အထိုင်ကင်းသဘောမျိုးထိုင်နေကြတာ”လို့ ၎င်းက ဆက်လက်ပြောဆိုသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ပေါင်း ၁၅၀ ကျော်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူအများအပြားသေဆုံးခဲ့ပြီး လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – HKL
#ချင်းပြည်နယ် #မင်းတပ်မြို့နယ် #ချင်းကာကွယ်ရေးတပ်မင်းတပ် #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #စစ်ကောင်စီတပ်ဖွဲ့ဝင်၁၈ဦးသေဆုံး #လေကြောင်းဖြင့်၁၂ကြိမ်ဗုံးကြဲတိုက်ခိုက်