ဧရာ၀တီတိုင်းမ်
ဧပြီလ ၁၂ ရက်

စစ်ကောင်စီ တပ်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ယမန်နေ့ ဧပြီ ၁၁ ရက်နေ့ တစ်ရက်ထဲတွင် လေကြောင်းမှ နှစ်ကြိမ်တိုင်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏ ပဇီကြီးကျေးရွာကို ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပထမအကြိမ် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအ၀င် ကိုယ်၀န်ဆောင်အမျိုးသမီးများနှင့် ဒေသခံပြည်သူ ၁၀၀ကျော်ထိခိုက် သေဆုံးခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးများပြုလုပ်နေသည့် ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် လေကြောင်းမှ ဒုတိယ အကြိမ်ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“မွန်းလွဲပိုင်းလောက်ကစပြီး အလောင်းတွေ၊ ဒဏ်ရာရတဲ့သူတွေကို ရှာပြီးထုတ် နေတုန်းမှာ တိုက်လေယာဉ်နှစ်စီးထပ်ရောက်လာပြီးပစ်တာ။ ကယ်ဆယ်ရေးလုပ်တဲ့လူ သုံး ယောက်ထပ်သေတယ်” ဟု မြေပြင်တွင် ကယ်ဆယ်ရေးပြုလုပ်နေသည့် ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၈ ဦးနှင့် ကိုယ်၀န်ဆောင် အမျိုးသမီးအပါအ၀င် ၁၀၀ ကျော် ထိခိုက်သေဆုံးမှုများရှိပြီး သေဆုံးသူအရေ အတွက်ကိုမူ စစ်ကောင်စီတပ်မှ ပစ်ခတ်မှုများကြောင့် ယခုထိတိုင် အတိအကျ မသိရှိရသေးပေ။

“ဒီမနက်ဖြစ်စဉ်ကတော့ မနက် ၈ နာရီလောက်မှာ အဲဒီပဇီကြီးကျေးရွာ မှာ NUG, CRPH အမည်ခံအဖွဲ့ ရဲ့ ရုံးခန်းဖွင့်ပွဲဆိုတာတွေ၊ ပြီးတော့ ပြည်သူ့ကာကွယ်ရေးဆိုတဲ့ တပ်ဖွဲ့တွေ၊ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲဆိုတာတွေ လုပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှု ရှိပါတယ်”ဟု စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

စစ်ကောင်စီသည် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကို ဝန်ခံထားပြီး ထိုသို့လေကြောင်းမှ တိုက်ခိုက်ရာတွင် PDF များ၏ လက်နက်ခဲယမ်း သိုလှောင်ရာနေရာသို့ ထိမှန်ပေါက်ကွဲ၍ ယခုကဲ့သို့လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုထားသည်။

စစ်တပ်သည် အာဏာသိမ်းပြီးချိန်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ထိ ကျူးလွန်ထားပြီး ယင်းဖြစ်စဉ်များကြောင့် ပြည်သူ ၇၆၆ ဦး သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)က ထုတ်ပြန်ထားသည်။
#စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ပဇီကြီးရွာ #စစ်ကောင်စီတပ် #လေကြောင်း #ဒုတိယအကြိမ် #ပစ်ခတ်တိုက်ခိုက် #ဒေသခံ၁၀၀ကျော် #ကလေးငယ်၁၈ဦးသေ #အစုလိုက်အပြုံလိုက်သေဆုံးမှု #Ayeyarwaddy_Times