ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဧပြီလ ၁၂ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ယမန်နေ့ မနက်အစောပိုင်းက ရဲစခန်းရှိ အချုပ်ခန်းအတွင်း၌ ဖမ်းဆီးခံထားရသည့် ဒေသခံအမျိုးသားတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မနက် ၃ နာရီအချိန်ခန့်က ကလိန်အောင်မြို့ ရဲစခန်းရှိ အချုပ်ခန်းအတွင်း ဖမ်းဆီးခံထားရသည့် အသက် ၅၀ ကျော်အရွယ်ရှိ ဦးဖြူမှာ ၎င်း၏ ပုဆိုးဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
“မနေ့က မနက်အစောကြီးမှာပဲ ကလိန်အောင်ရဲစခန်းက ရွာထဲကို ဦးဖြူတစ်ယောက် သူ့ကိုယ်သူ ပုဆိုးနဲ့ အချုပ်ခန်းအတွင်းမှာပဲဆွဲကြိုးချသတ်သေသွားတယ်ဆိုတဲ့အကြောင်းပြောလာပါတယ်”ဟု ကလိန်အောင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူမှာ ကလိန်အောင်မြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် ဦးဖြူဆိုသူဖြစ်ပြီး ဧပြီလ ၈ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခံထားရသူဖြစ်ပြီး ၎င်းနှင့်အတူ အချုပ်ခန်းအတွင်း ဖမ်းဆီးခံထားရသည့် ဦးလေးမြင့်တို့ ၂ ဦးအား ယမန်နေ့တွင် စစ်ကြောရေးသို့ပို့ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့ဝင်များက လာရောက်ပြောဆိုသွားကြောင်း သိရှိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ကလိန်အောင်မြို့ဆေးရုံ ရင်ခွင်ရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မိသားစုထံ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
#ကလိန်အောင် #ဖမ်းဆီးခံ #ဒေသခံ #အမျိုးသား #သေဆုံး
#Ayeyarwaddy_Times