ဇွဲနိုင်/(ဧရာဝတီတိုင်းမ်)
(ရေဖြူ)၊ဧပြီလ ၁၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း(၁)မှ ဦးဆောင်ပြီး စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၉ ရက် နံနက် ၆ နာရီခန့်မှတင်စ၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့(PDF)များက စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နံနက် ၈နာရီ ၃၅ မိနစ်ခန့်အထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တနင်္သာရီစစ်ကြောင်း တာဝန်ရှိသူထံက သိရသည်။

“ကျွန်တော်တို့က စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။ ဒါပေမဲ့ စခန်းကိုတော့ မသိမ်း ပိုက်နိုင်ခဲ့ပါဘူး။ သူတို့အခိုင်အမာ တည်ဆောက်ထားတဲ့ ဘန်ကာ သုံးလုံး ကျွန်တော်တို့ ပစ်ခတ်လို့ ပြိုသွားတယ်။ စစ်ကောင်စီတပ်ဖက်က တော်တော်လေး အထိနာပြီး သေတာ လည်းများတယ်။ အလောင်းတွေလည်းပုံနေတာပဲ့။ စခန်းကိုရလု ဆဲဆဲမှာ သူတို့ဖက်က စစ်ကူတွေ အများကြီးရောက်လာလို့ ကျွန်တော်တို့ ဘက်က ပြန်ဆုတ်ခွာခဲ့တယ်” ဟုတနင်္သာရီ စစ်ကြောင်းမှ ဗိုလ်နဂါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်း ပစ်ခတ်မှုဖြစ်စဉ် အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးပြီး ဒဏ်ရာ ရရှိကာ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၇ ဦး (မစိုးရိမ်ရ) ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင်၊ တပ်ရင်း(၁)မှ ဗိုလ်မီးပွားဦး‌ဆောင်သော တပ်ခွဲ(၁)စစ်ကြောင်း၊ ဗိုလ်နဂါးဦးဆောင်သော တနင်္သာရီစစ်ကြောင်း၊ Droneတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် တပ်ရင်း(၂)၊ဥဩစစ်ကြောင်း၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့၊ ထားဝယ်တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သရက်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွေဦး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်နဂါးတပ်ခွဲ(၂) နှင့် တပ်ခွဲ(၅) ၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ရုပ်သံ၊ စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သော PDF ပူးပေါင်းတပ်မှ ရဲဘော်များ

#ထားဝယ်ခရိုင် #သရက်ချောင်းမြို့နယ် #စော်ဖျားကျေးရွာ #စစ်ကောင်စီတပ်စခန်း #PDF #စီးနင်းတိုက်ခိုက် #Ayeyarwaddy_Times