ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းဘက်မှာ ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၁၅ အချိန်ကစပြီး ပေါက်ကွဲသံများ လက်နက်ငယ်ပစ်ခတ်သံများထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ပထမ ပေါက်ကွဲသံကြီး၂ချက်ကြားတယ်။ နောက်ပြီး သေနတ်အတွဲလိုက်ပစ်နေတဲ့အသံတွေ ထွက်နေတာပဲ။ ကျောက်ငူဘက်နဲ့ သင်္ကြန်မဏ္ဏပ်တွေအနားမှာပဲ”လို့ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ကမ်းနားလမ်းမှာနေထိုင်တဲ့ အခြားသော ပုသိမ်မြို့ခံတစ်ဦးကလည်း ပေါက်ကွဲမှုမှာ စစ်ကောင်စီဗဟိုမဏ္ဍပ်အနီးဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိတွင် ကမ်းနားလမ်းကိုပိတ်ကာ လုံခြုံရေးများ တင်းကြပ်ထားတယ်လို့ ပြောပါတယ်။

“သေနတ်နဲ့ပစ်တာ ၁၀ ချက်လောက်ရှိတယ်။ တံတားအောက်ကနေ ပစ်တာ။ ဗဟိုမဏ္ဍပ်နားကနေ ပစ်တာ။ သူတို့ မဏ္ဍပ်ကို ဖြိုမှာစိုးလို့ ခြောက်တာ ထင်တယ်။ မဏ္ဍပ်နားမှာ လုံခြုံရေးယူထားတဲ့အဖွဲ့က ပစ်တာပါ။ သေနတ်သံကြားတော့ ပြည်သူတွေက ထွက်ပြေးကြတာ။ အခု တံတားအောက်ကို လမ်းပိတ်ထားတယ်။ တံတားပေါ်မှာလည်း ရဲကားတွေချထားတယ်”လို့ ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိအခြေအနေကို ဧရာ၀တီတိုင်မ်းသတင်းဌာနအနေနဲ့စုံစမ်းနေဆဲဖြစ်ပြီး သင်္ကြန်မဏ္ဏပ်တွေအနီးမှာ ဖောက်ခွဲမှုဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်လို့ ဒေသခံတွေကပြောပေမယ့်အတည်ပြုလို့မရနိုင်သေးပါ။

#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ပစ်ခတ်မှုဖြစ် #Ayeyarwaddy_Times