ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဧပြီလ ၁၁ ရက်နေ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း ဧပြီလလဆန်းမှစတင်သည့် ထိတွေ့တိုက်ပွဲများ အတွင်း ယနေ့ ဧပြီ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်မှ သတ်ဖြတ် ထားသည့်ဒေသခံပြည်သူ ရုပ်အလောင်း ၉ လောင်းအား ရှာဖွေ တွေ့ရှိထားကြောင်း ဒေသခံများထံက သိရသည်။

ရေတာရှည်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံရသည့် အမျိုးသားရုပ်အလောင်း နှစ် လောင်းကို စစ်ဝောာင်းမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့‌ပြီး ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင်လည်း သတ်ဖြတ်ခံထားရသည့် ကလေးငယ် နှစ် ဦးနှင့် အမျိုးသမီးရုပ်အလောင်း နှစ် လောင်းကို ထပ်မံတွေရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“PDF တွေကို ထမင်းချက်ကျွေးတယ်ဆိုပြီး လင်မယား နှစ် ယောက်ကို ခေါင်းဖြတ်သတ်ပြီး စစ်တောင်းမြစ်ထဲမျှောချထားတာ။ ဒေသခံ အမျိုးသား ၁၂ ဦးကိုလည်း ဖမ်းဆီးသွားပြီး ဒဏ်ရာတွေနဲ့ ၁၀ ယောက်ကိုပြန်လွှတ်လိုက်တယ်။ နှစ် ယောက် အသတ်ခံရတယ်။ သူတို့ကသတ်ပြီးရင် တစ်ချို့ကိုကျ စစ်တောင်းမြစ်ထဲကို မျှောချတယ်။ ဒီနေ့ထိအလောင်း ၉ လောင်းတွေ့ထားတယ်” ဟု အလောင်းဆယ်ယူရာတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ရေတာရှည်မြို့နယ်အတွင်းရှိ စစ်ကြောင်းထိုးရာလမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများကို သတ်ဖြတ်ခဲ့ရာ ယနေ့ဧပြီလ ၁၁ ရက်နေ့အထိ ကလေးငယ် နှစ် ဦးအပါအဝင် အရပ်သား အလောင်း ကိုး လောင်း အထိရှာဖွေတွေ့ရှိထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“တိုက်ပွဲတွေဖြစ်ပြီးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်ဆုတ်ရင် စစ်ကောင်စီက နယ်မြေ ရှင်းလင်းရေးလုပ်တာတွေရှိတယ်။ သူတို့ဖြတ်သွားတဲ့ရွာတွေက ဒေသခံ‌တွေကို စစ်မေးတာတို့၊ ဖမ်းတာတို့လုပ်ပြီး မထင်ရင်မထင်သလိုသတ်လိုက်တာ။ မြစ်ထဲမျှော လိုက်တာတို့လုပ်တယ်။ အလောင်းတွေ တွေ့တာက နေရာတွေ မတူတော့ ဘယ်သူတွေလဲ ဆိုတာအတည်ပြုလို့မရသေးဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရေတာရှည်မြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ညောင်လေးပင်မြို့နယ် စသည့် စစ်တောင်းမြစ်ကမ်း‌တစ်လျှောက်တွင် မတ်လမှ စတင်၍ တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ဓာတ်ပုံ – ရေတာရှည်ဘက်တွင်စစ်ကြောင်းထိုးရာတွင်ပါဝင်သည့် တပ်မ ၇၇ မှတပ်သားအချို့(ပုံအဟောင်းဖြစ်ပါသည်။)

#ပဲခူတိုင်း #ရေတာရှည် #စစ်ကောင်စီတပ် #ကလေးငယ် #အရပ်သား၉ဦး #သေဆုံး #Ayeyarwaddy_Times