နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဧပြီလ ၁၀ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေး ရုံးဆောက်ဖို့အတွက် ဒေသခံ တစ်အိမ်ထောင်ကို ငွေကျပ် ၁ဝ၀၀၀ ကောက်ခံနေတယ်လို့ သိရပါတယ်။
တလုပ်လပ်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်မျိုးသူဆိုသူမှာ စစ်ကောင်စီက အသစ်ခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး လက်အောက်ခံရာအိမ်မှူးတွေကို ရုံးဆောက်ဖို့ ငွေကောက်ခိုင်းတာလို့ ဒေသခံတွေက ပြောပါတယ်။
” သူက BKK စားသောက်ဆိုင်ဖွင့်ထားတာ၊ စစ်ကောင်စီတပ်က အရာရှိတွေကို ပိုင်အောင်ပေါင်းပြီး အဆင်ပြေတော့ အုပ်ချုပ်ရေးမှူးလုပ်တာ၊ ခုရုံးဆောက်ဖို့ဆိုပြီး ငွေတောင်းတာတွေ စလုပ်လာတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပြည်သူတွေကို ရုံးဆောက်ဖို့အတွက် ငွေကောက်ခံနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်မျိုးသူ ဆိုသူကို အုပ်ချုပ်ရေးမှူးအဖြစ် မအူပင်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျီဝမ်းအဆင့် ဒုဗိုလ်မှူးကြီး နိုင်လွင်က တိုက်ရိုက်ခန့်ထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရာထူးရဖို့အတွက် BKK စားသောက်ဆိုင်ပိုင်ရှင် အောင်မျိုးသူဟာ စစ်ကောင်စီတပ်ရဲ့ ဂျီဝမ်းအဆင့် ဒုဗိုလ်မှူးကြီး နိုင်လွင်ကို ငွေကျပ် သိန်း ၁၀၀ လာဘ်ထိုးခဲ့ရတယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘူးပါဘူး။
#မအူပင်မြို့ #အုပ်ချုပ်ရေးမှူးရုံး #ဆောက်ဖို့အတွက် #ငွေကောက်ခံ #Ayeyarwaddy_Times